တရုတ်တွင် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများရှိနေသည်ကို မမေ့ရန် အမေရိကန်သမ္မတ သတိပေး

တရုတ်တွင် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများရှိနေသည်ကို မမေ့ရန် အမေရိကန်သမ္မတ သတိပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်သည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် အမေရိကန်အပေါ်တွင် နည်းလမ်းများစွာဖြင့် မှီခိုနေရကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။ 

“ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး။ သတိပေးတာပါ” ဟု အမေရိကန်သမ္မတက CNN သတင်းထောက် ဖာရိဒ်ဇာကာရီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အမေရိကန် ကုမ္ပဏီပေါင်း ၆၀၀ ဟာ ရုရှားကနေ ထွက်ခွာခဲ့ပါတယ်။ နောက်ပြီး တရုတ်ရဲ့စီးပွားရေးက ဥရောပနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မှီခိုနေရတယ်လို့ ခင်ဗျား ပြောဖူးတယ်။ ကြပ်ကြပ် သတိထားပါ” ဟု ဘိုင်ဒန်က CNN သို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးအပါအဝင် ပြဿနာအရပ်ရပ်ကြောင့် တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေး တင်းမာနေချိန်တွင် ယခုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ပူတင်နှင့် ရှီတို့သည် မတ်လက ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုကို ထုတ်ဖော်ပြသခဲ့ကာ အနောက်နိုင်ငံများကို အတူတကွ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် ယခုသီတင်းပတ်အတွင်း အွန်လိုင်းမှကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ နိုင်ငံတော်ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ 

ဘိုင်ဒင်၏ သတိပေးချက်အပေါ် ရှီကျင့်ဖျင်၏ တုန့်ပြန်မှုနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ “သူက နားပဲထောင်နေတာ၊ အငြင်းအခုံ မလုပ်ဘူး။ သတိထားကြည့်မယ်ဆိုရင် သူ့အနေနဲ့ ရုရှားအတွက် အကောင်းဆုံး ဆောင်ရွက်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီအခြေအနေမှာ အလုပ်ဖြစ်မည့် နည်းလမ်း ရှိမယ်ထင်ပါတယ်” လို့ အမေရိကန်သမ္မတက CNN သို့ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလန်သည် အမေရိကန်နှင့်နည်းပညာစစ်ပွဲတွင် တရုတ်ဘက်က လက်တုန့်ပြန်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ပိုမိုဆိုးရွားလာခဲ့သည့် ထိရှလွယ်သော အမေရိကန်-တရုတ် ဆက်ဆံရေးကို တည်ငြိမ်အောင်ဆောင်ရွက်ရသည့် ခက်ခဲသောတာဝန်ကို ထမ်းဆောင်နေရခြင်း ဖြစ်သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

နေ့စဉ်လူနေမှုဘဝ ပုံမှန်လည်ပတ်မှုနှင့် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံ ၂ ခုအကြား တင်းမာမှု မြင့်တက်လာခြင်းတို့အတွက် အရေးပါသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သော ဗျူဟာမြောက် ပစ္စည်း (၂) မျိုး တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် တရုတ်ကြား တင်းမာနေသည့် စီးပွားရေးဆက်ဆံမှုများကို ထိန်းကျောင်းပြုပြင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယဲလန်သည် တရုတ်ဝန်ကြီးချုပ် လီချင်းနှင့် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် အမေရိကန်နှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများအနေဖြင့် တရုတ်၏ မမျှတသော စီးပွားရေး အလေ့အထများကို ဆန့်ကျင်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ယဲလန်က အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

 “မိမိတို့အနေနဲ့ နိုင်သူကအကုန်ယူတာမျိုး မဟုတ်ဘဲ စီးပွားရေးအရ ကောင်းမွန်စွာ ယှဉ်ပြိုင်ချင်တာဖြစ်ပါတယ်၊ စည်းကမ်း မျှမျှတတဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိလာမှာပါ” ဟု ယဲလန်က ဇူလိုင်လ ၇ ရက်တွင် ကျင်းပသည့် အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချင်းကို ပြောကြားခဲ့သည်။ 

ထို့ပြင် တရုတ်က အမေရိကန်စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စီးနင်းခြင်းသည် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရန် အဟန့်အတားဖြစ်စေသည်။ အနောက်တိုင်း အတိုင်ပင်ခံလုပ်ငန်းနှင့် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသည့် ကုမ္ပဏီများအား တရုတ်၏ ဖြိုခွင်းမှုသည် အမေရိကန်စီးပွားရေးလုပ်ငန်းများကို စိတ်ပျက်စေခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly