မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးအတွက် အပြန်အလှန်ဆွေးနွေးပွဲကို အင်ဒိုနီးရှား တောင်းဆို

By La Prensa Latina
12 July 2023
မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးအတွက် အပြန်အလှန်ဆွေးနွေးပွဲကို အင်ဒိုနီးရှား တောင်းဆို

၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေသော မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကျပ်အတည်း အဆုံးသတ်စေရေး အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းတောင်းဆိုသည်။

“အပြန်အလှန် ဆွေးနွေးမှုကပဲ နိုင်ငံရေးအရ ဖြေရှင်းခြင်းဆီ ဦးတည်စေပါမယ်၊ နိုင်ငံရေးအရ ဖြေရှင်းမှုကသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာပါ”ဟု မြန်မာအရေးကို ဦးတည်ထားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ ဖွင့်ပွဲ၌ ရတ်နိုမာဆူဒီက ပြောသည်။

နှစ်ပတ်လည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားရသော အင်ဒိုနီးရှားသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအားလုံးနှင့် အကြိမ်ပေါင်း ၁၁၀ ထက်မနည်း ချိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သူမက ဆိုသည်။

“တကယ်ခက်ခဲရှုပ်ထွေးတဲ့ အကျပ်အတည်းပါပဲ၊ တော်တော်လေး မလွယ်ကူတာပါ၊ ချိတ်ဆက်ဆွေးနွေးတာတွေကလည်း ပြောလို့ဆိုလို့ ရရုံလောက်ပါပဲ၊ သက်ဆိုင်သူတွေကြား အပြန်အလှန် ဆွေးနွေးပွဲ ပေါ်ပေါက်ရေး တွန်းအားပေးသွားရမယ့် အချိန်ပါ”ဟု ရတ်နိုက ဖြည့်စွက်ပြောသည်။

အာဆီယံသည် အဖွဲ့၏ ခေါင်းဆောင်များနှင့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကြား အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံးသတ်ရေးနှင့် ကျယ်ပြန့်သော ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ဧပြီလအတွင်းက သဘောတူထားခဲ့ကြသည်။

ယင်းအချိန်မှစကာ သဘောတူညီချက်ကို အကောင်အထည်ဖော်မှု နည်းပါးခြင်းကြောင့် မြန်မာစစ်ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံက အစည်းအဝေးများမှ တားမြစ်ခဲ့သည်။

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်များကို အပြင်းအထန် ဝေဖန်သော အင်ဒိုနီးရှားက မြန်မာစစ်ကောင်စီ၏ လူအစုလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခြင်းနှင့် ဘုံသဘောတူညီချက် ငါးရပ်ကို မလိုက်နာခြင်းတို့ကြောင့် တိုး၍ ဖိအားပေးရန် တွန်းတွန်းတိုက်တိုက် ပြောဆိုထားသည်။

“အင်အားသုံးတာ၊ အကြမ်းဖက်တာတွေကို အင်ဒိုနီးရှားက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ယုံကြည်မှု တည်ဆောက်ဖို့၊ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ ဆွေးနွေးပွဲတွေအတွက် အကြမ်းဖက်မှုတွေ အရှိန်လျှော့ချနိုင်ဖို့ သက်ဆိုင်ရာအားလုံးကို ကျွန်မတို့ အလေးအနက် တိုက်တွန်းတယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာလုံခြုံရေးတပ်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း လူပေါင်း ၃,၇၈၀ ဦး အနည်းဆုံးသေဆုံးကာ ၁၉,၄၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအသင်းအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly