ပြည်သူတွေ အနှောက်အယှက်မဖြစ်စေချင်လို့ ဖေ့စ်ဘုတ်ဆက်မသုံးဖို့ထိ ရည်ရွယ်ထားလို့ ဦးဖြိုးမင်းသိန်းပြော

ပြည်သူတွေ အနှောက်အယှက်မဖြစ်စေချင်လို့ ဖေ့စ်ဘုတ်ဆက်မသုံးဖို့ထိ ရည်ရွယ်ထားလို့ ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်၊ ဧပြီ ၃ ။ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဖေ့စ်ဘုတ်အကောင့် ဧပြီ ၃ရက် နံနက် ၉နာရီခန့်က တိုကိခိုက်ခံလိုက်ရပါတယ်။ 

Phyo Min Thein အမည်ဖြင့် ဖွင့်ထားတဲ့ ၎င်း၏ ဖေစ်ဘုတ်အကောင့်ကို နံနက် ၉နာရီကျော်ကတည်းက တိုက်ခိုက်ခံခဲ့ရပြီး အဲ့ဒီ့အချိန်ကစပြီး ဝင်ကြည့်လို့ မရတော့ဘူးလို့ ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောပါတယ်။

"ဒီအကောင့်ကတော့ ကျွန်တော့်လက်ထဲမှာ မရှိတော့ပါဘူး။ သူများတွေ ရေးချင်ရာရေး တင်နေတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီအတွက်လည်း ကျွန်တော့်အကောင့်ကနေ ကျွန်တော်နဲ့ ပတ်သက်တဲ့ activities တွေကို ဝင်ကြည့်တဲ့သူတွေအတွက်က စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ ဝင်ကြည့်တဲ့သူတွေအတွက် ကျွန်တော်တောင်းပန်လိုက်ပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော့်လက်ထဲမှာ ဒီအကောင့်က ၉နာရီခွဲလောက်တည်းက မရှိတော့ပါဘူး။ အခု ထုတ်နေ၊ တင်နေတာတွေကလည်း ကျွန်တော် တင်နေတာတွေ မဟုတ်တော့ပါဘူး။ " လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ 

ဒီလို တိုက်ခိုက်ခံရတာကြောင့် ဖေ့စ်ဘုတ်ဆက်မသုံးဖို့အထိကို ရည်ရွယ်ထားပေမယ့် အိုင်တီပညာရှင်အချို့ကတော့ ပြန်ကြိုးစားပေးချင်ကြောင်း တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

"ကျွန်တော် ပထမရည်ရွယ်ထားတာကတော့ ကျွန်တော်မလုပ်တော့ဘူးလို့ စိတ်ကူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဖေ့စ်ဘုတ် ထားတယ်ဆိုတာ ကျွန်တော်ဘာလုပ်နေလဲဆိုတာကို သိချင်တဲ့ပြည်သူတွေအတွက် ထားပေးတာပါ။ ကျွန်တော် ဘာမှရည်ရွယ်ချက်မရှိပါဘူး။ သူတို့အတွက် အဲ့ဟာက အကျိုးမရှိဘူး။ အနှောက်အယှက်ဖြစ်စေတယ်လို့တောင်ဖြစ်နေတယ်ဆိုတော့ ဒီ့အတွက် ကျွန်တော်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အိုင်တီပညာရှင်အချို့က ဆက်သွယ်ပါတယ်။ ဒါလေးကို ဆက်ထားဖို့အတွက်လည်း သူတို့ကြိုးစားကြည့်မယ်လို့ ပြောပါတယ်။" လို့ ၎င်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဖေ့စ်ဘုတ်ဆက်မသုံးဖို့ စဉ်းတဲ့နေတဲ့ မဇ္ဈိမ သတင်းအောက်မှာတော့ ပြည်သူအများစုက အကောင့်ကို ဆက်ထားစေချင်ကြောင်း၊ ဝန်ကြီးချုပ်ရဲ့ လှုပ်ရှားမှုများ၊ သတင်းများကို ဖေ့စ်ဘုတ်အကောင့်မှတစ်ဆင့် စောင့်ကြည့်လိုကြောင်း ကွန်မန့်ရေးထားတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က သူ့ရဲ့ဖေ့စ်ဘုတ်ကို Public ဖွင့်ပေးပြီး တစ်နာရီအတွင်း တိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ 

ဧပြီ ၂ရက်နေ့မှာ ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ် ရေကစားမဏ္ဍပ်များ လုပ်ခွင့်မပေးတော့ကြောင်း တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly