ခေတ်သစ်ကို စိတ်သစ်နဲ့ စတင်လိုက်တဲ့ မြန်မာ

ခေတ်သစ်ကို စိတ်သစ်နဲ့ စတင်လိုက်တဲ့ မြန်မာ
(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားစစ်စစ် အစိုးရတက်လာခြင်းကို ဂုဏ်ပြုသည့် အနေနှင့် သမ္မတအိမ်တော်တွင် ကျင်းပသည့် ညစာစားပွဲကို အသောက်အစားမဖက်၊ အရက်တစ်ခွက် မှ မမြင်ရဘဲ ကျင်းပသွားခဲ့သည်။

''အစိုးရပွဲတွေမှာ ပုံမှန်ဆိုရင်တော့ ဝီစကီတွေ ချောင်းစီးနေလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ အချိုရည်နဲ့ ရေက စံနှုန်းအသစ်လို့သာမှတ်ပါ'' ဟု ညစာစားပွဲမီနူးတွင် အရက်တစ်မျိုးမှ မပါဝင်သည့် အပေါ် NLD ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပွဲသို့တက်ရောက်လာသည့် သံတမန်များ၊ နိုင်ငံရေးသမားများနှင့် အခြားထင်ရှားကျော်ကြားသူများကို ရှင်းပြသွားခဲ့သည်။

ကိန်းကြီး၊ ခန်းကြီးနိုင်မှုများကိုရပ်ပြီး ခြိုးခြံချွေတာမှုတွေစတော့မည့် အကြောင်းကိုလည်း အာဏာရယူပြီးခါစ မြန်မာအစိုးရအသစ်က ရှင်းရှင်းလင်းလင်း ပြသထားဖြစ်လေသည်။ လျှော့ချထား သည့် အစိုးရဘက်ဂျက်၊ မိုးထိအောင် လှေကားထောင်နေသော ပြည်သူတို့၏ မျှော်လင့်ချက်များ၊ အာဏာကို ဆုပ်ကိုင်ထားဆဲ ဗိုလ်ချုပ်ကြီးများနှင့် ရင်ဆိုင်သွားရမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအနေဖြင့် ပြည်သူတို့၏ စိတ်နှလုံးကို စောလျင်စွာ ရယူထားနိုင်ဖို့ လိုအပ်လျှက် ရှိသည်။

ဧည့်သည် ၃၂၅ ယောက်သာ စိစစ်ရွေးချယ် ဖိတ်ကြားပြီး အပိုဇာချဲ့ထားခြင်း မရှိသော သမ္မတ အိမ်တော် ညစာစားပွဲ ကျင်းပပုံကို သဘောကျထောက်ခံကြောင်း အစိုးရဝန်ထမ်းတစ်ဦးက ပြောကြား သည်။

ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်နိုင်ခြင်းက စစ်အစိုးရလက်ထက် တွင် ဖိနှိပ်ဖမ်းဆီးခြင်းခံခဲ့ရသော NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများအတွက်သာမက   မြန်မာ ပြည်သူများ အားလုံးအတွက် အရေးပါသော စိတ်လှုပ်ရှားဖွယ်ရာ ကာလဖြစ်သည်မှာ အမှန်ပင်ဖြစ် သည်။ သို့ရာတွင် စိတ်ရှုပ်ထွေးစရာ အခြေအနေများကလည်း ကျန်ရှိနေသေးသည်သာ   ဖြစ်သည်။

နိုင်ငံတော်က ထုတ်ပေးထားသည့် စရိတ်ဖြင့် ဝယ်ယူထားသော ပရိဘောဂများကို ယခင်ဝန် ကြီးများက သူတို့နှင့်အတူ ယူဆောင်သွားခြင်းနှင့် ပတ်သတ်ပြီး ဦးဝင်းထိန်နှင့် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ ပြီးခဲ့သောအပတ်က အငြင်းပွားခဲ့ကြရာတွင် NLD က သူ၏ အစိုးရအဖွဲ့ကို စည်းကမ်းတင်းတင်းကျပ်ကျပ်နှင့် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထင်ထင်ရှားရှား ပြသခဲ့သည်။ ဝန်ကြီးဟောင်းများ ထွက်ခွာသွားသော နေအိမ်တစ်လုံးတွင်ဆိုလျှင် နံရံကပ်အဲကွန်းတစ်လုံး မှလွဲ၍ မည်သည့်ပစ္စည်းမျှ မရှိသလောက်ဖြစ်နေကြောင်း ဦးဝင်းထိန်နှင့် နီးစပ်သူတစ်ဦးက Financial Time သတင်းဌာနသို့ ဓါတ်ပုံနှင့်တကွ ပြသပြောကြားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး ဦးရဲထွဋ်က ဝန်ကြီးများအနေဖြင့် သူတို့၏ ပရိဘောဂများကို ယူဆောင် သွားခွင့်ရှိပြီး ဆန္ဒရှိလျှင် သူတို့စိုက်ထားသည့် အပင်ကိုပင် ရွှေ့ပြောင်းယူငင်သွား၍ ရသည်ဟု Facebook မှတဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သတ်၍ နောက်ထပ် မှတ်ချက်ပေးရန် ပြောသည့်အခါတွင်မူ ဦးရဲထွဋ်က ထပ်မံတုံ့ပြန်ခဲ့ခြင်း မရှိချေ။

NLD အနေဖြင့် ပါတီမှ ဝန်ကြီးအသစ်များ ၎င်းတို့ နေထိုင်ရမည့်အိမ်များကို ပြင်ဆင်မွမ်းမံနိုင် ရန်အတွက် ၎င်းတို့လစာမှနေ၍ ပါတီသို့ အချိုးကျ ပေးသွင်းရမည့်ငွေကို တစ်နှစ်ခန့် ကင်းလွတ်ခွင့် ပေးခြင်းဖြင့် ကူညီသွားမည်ဟု ဦးဝင်းထိန်က ပြောကြားထားသည်။ ထို့ပြင် စစ်အစိုးရခေတ်က တည်ဆောက်သွားခဲ့သည့် ကြီးမားလှသော အဆောက်အဦများကိုကြည့်ပြီး ရောမအင်ပါယာနှင့်ပင် နှိုင်းယှဉ်ကြည့်မိသည်ဟုလည်း ဦးဝင်းထိန်က မနှစ်သက်သည့် လေသံဖြင့် မှတ်ချက်ပေးခဲ့ သေးသည်။

အစိုးရအသစ်သည် ဝန်ကြီးဌာန အရေအတွက်ကို ၃၆ ခုမှ ၂၁ ခုသို့ လျှော့ချပစ်လိုက်ပြီး ဒုဝန် ကြီးများလည်း ခန့်အပ်ခြင်း မရှိသည့်အပြင် အချို့ဌာနများကိုလည်း ပေါင်းစည်းပစ်ခဲ့သည်။ ထိုလုပ်ဆောင်ချက်နှင့် ပတ်သတ်၍ NLD ပါတီတွင်းတွင် အုပ်ချုပ်ရေး အတွေ့အကြုံရှိသူ နည်းပါးလှ သည်ဟု တောက်လျှောက် ဝေဖန်လာသူများထံမှ ဝေဖန်သံများနှင့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

သမ္မတဖြစ်ခွင့် တားမြစ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် သမ္မတအ ထက်မှနေ၍ အစိုးရအဖွဲ့ကို ဦးဆောင်သွားမည့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ် သလို ယခုဆိုလျှင် သူမကို အစိုးရအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်သူအဖြစ် တရားဝင် ထားရှိနိုင်မည့် ဥပဒေကို အတည်ပြုနိုင်ရန်အတွက်လည်း လွှတ်တော်အတွင်းတွင် ဆွေးနွေးလျှက်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါလှသည့် ဝန်ကြီးဌာန ၄ ခုကိုလည်း တာဝန်ယူ ထားသေးရာ ထိုလုပ်ဆောင်ချက်များနှင့် ပတ်သတ်၍လည်း ဗဟိုချုပ်ကိုင်မှုများ လွန်းပြီး တာဝန်ခွဲဝေ ပေးမှု အားနည်းသည့် လုပ်ဆောင်ချက်များအဖြစ် ဝေဖန်မှုများ ရှိနေသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကမူ အဆိုပါလုပ်ဆောင်ချက်များသည် အပြောင်းအလဲကာလတွင် လိုအပ်၍ လုပ်ဆောင်ရသည့် ယာယီအစီအမံများသာဖြစ်ကြောင်း ပြန်လည် တုံ့ပြန် ပြောကြားထားသည်။

NLD အနေဖြင့် အာဏာလွှဲပြောင်း ရယူနိုင်ခဲ့မှုအပေါ် သိုသိုသိပ်သိပ်သာ ချဉ်းကပ်ခဲ့ခြင်းမှာ အစိုးရအဖွဲ့အတွင်းတွင် အဓိက ဝန်ကြီးဌာနများကို ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တပ်ဘက်မှ အမုန်း မပွားစေရန် ရှောင်ရှားလိုသည့် သဘောလည်း ပါဝင်သည်ဟု ယူဆရသည်။ ဝန်ကြီးဟောင်းများက ပရိဘောဂများ ယူဆောင်သွားသည့်ကိစ္စနှင့် ပတ်သတ်ပြီး ပြန်ကြားရေး ဝန်ကြီးအသစ်ဖြစ်လာသည့် ဦးဖေမြင့်ကို မေးမြန်းခဲ့ရာတွင် ထိုကိစ္စသည် အနည်းငယ်ရှုပ်ထွေးသည်ဟုသာ ပြောကြားခဲ့ပြီး သူ့အ နေနှင့်မူ အရေးကြီးလှသည်ဟု မထင်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ညစာစားပွဲတွင် အရက်မပါဝင်သည့်ကိစ္စနှင့် ပတ်သတ်ပြီး မေးမြန်းသည့်အခါတွင်မူ လက်ရှိအ ချိန်ထိ လိပ်စာကဒ်ပေါ်တွင် ကိုယ့်ကိုယ်ကိုယ် စာရေးဆရာ၊ ဂျာနယ်လစ်အဖြစ်သာ ဖော်ပြထားသေး သည့် ဦးဖေမြင့်က မြန်မာ့စီးပွားရေး အလျှင်အမြန် ထူထူထောင်ထောင်ဖြစ်လာရန် ကူညီနိုင်သည့် နိုင်ငံတကာ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ စေတနာ မပျက်သွားစေရန်ဟု ဖြေဆိုသွားခဲ့ပြီး ထိုဖြေဆိုမှုက NLD အနေဖြင့် အစိုးရအဖွဲ့အပေါ် ကြီးကြီးမားမား လွှမ်းမိုးထားနိုင်ကြောင်းကို ထပ်မံ ပြသလျှက် ရှိနေလေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly