ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို ပြောကြား
Photo-AFP

ဖမ်းဆီးအကျဉ်းချခံထားရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးခင်က တွေ့ဆုံခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရောကိုယ်ပါ ကျန်းမာလျက်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်ဟု အာဆီယံ သံတမန်သတင်းရင်းမြစ်များက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

ဒွန် ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် မြန်မာတွင် စစ်တပ်က ၂၀၂၁ ၊ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အဆင့်မြင့် ပြည်ပအစိုးရအရာရှိကြီးတစ်ဦးနှင့်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အကြား ပထမဆုံးသော အတည်ပြုသည့် တွေ့ဆုံမှုလည်း ဖြစ်သည်။

ဂျကာတာတွင် ဇူလိုင် ၁၁ ရက်က စတင်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက်တာ စည်းဝေးတွေ့ဆုံမှုတွင် ဒွန် ပရာမွတ်ဝီနိုင်းက ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအကြောင်းကို ရှင်းလင်းတင်ပြပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဒွန် ပရာမွတ်ဝီနိုင်းနှင့် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက နှစ်နာရီခန့် ကြာခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဒွန်သည် နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခု၌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။

ထိုင်းသည် မြန်မာနှင့် စစ်‌ဖက်ဆိုင်ရာ နီးကပ်သော ဆက်ဆံမှုများ ရှိသည်။ ပြီးခဲ့သည့်လက ထိုင်းနိုင်ငံသည် အာဆီယံ မူဘောင်ပြင်ပတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းခေါင်းစဉ်ဖြင့် အလွတ်သဘော အစည်းအဝေးတစ်ခုကို အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားခဲ့သည်။

မြန်မာစစ်ကောင်စီ ပါဝင်မှုကြောင့် ထိုအစည်းအဝေးကို အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့က တက်ရောက်ခဲ့ခြင်း မရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required