ဒေသခံ ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားကြောင်း KNU ပြော 

By YT  ( မဇ္ဈိမ)
11 July 2023
ဒေသခံ ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားကြောင်း KNU ပြော 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် လေးရက်အတွင်း ဒေသခံ ၁၇ ဦး စစ်ကောင်စီတပ်သားများ​၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း KNU ဗဟို​၏ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

" အခုထိ ပြန်မလွတ်သေးပါဘူး။ ဖမ်းခံရတဲ့ ၁၇ ဦးက အမျိုးသားတွေချည်းပဲ။ ကျောက်ကြီးမှာ ဝယ်လို့မရတဲ့ ရိက္ခာပစ္စည်းတွေ ကျောက်တံခါးမှာ သွားရောက်ဝယ်ယူရင်း ဖြစ်ပွားခဲ့တာ၊ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူး" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများသည် ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာ၊ ပဲဒဲကောကျေးရွာ၊ ဗမာဝက်လာတောကျေးရွာနှင့် ဒါးကုလားကျေးရွာတို့မှ ဒေသခံအမျိုးသား ၁၇ ဦးဖြစ်ကာ ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာများ ဝယ်ယူရန်သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ထိုဒေသခံ ၁၇ ဦးအား ကျောက်တံခါးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း KNU က ဆိုသည်။ 

ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပြင် KNU တပ်မဟာ (၃) နယ်မြေအတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများက ဇူလိုင်လ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း စစ်တောင်းမြစ်အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၂၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ဒေသများသို့ ခေတ္တ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly