ဗိုလ်ကြီးကိုသတ်လိုက်သည့် အရာခံဗိုလ်၏ သားစစ်ဗိုလ်ကို တပ်မှ ထုတ်ပယ်၊မိသားစုကိုလိုင်းခန်းမှနှင်ချဟုဆို

By မင်းထက် (မဇ္စျိမ)
11 July 2023
ဗိုလ်ကြီးကိုသတ်လိုက်သည့် အရာခံဗိုလ်၏ သားစစ်ဗိုလ်ကို တပ်မှ ထုတ်ပယ်၊မိသားစုကိုလိုင်းခန်းမှနှင်ချဟုဆို
Photo: မအူပင်မြို့ စစ်ဆေးရေးဂိတ်(ပုံဟောင်း)

မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဗိုလ်ကြီးအဆင့်ရှိသူအား သေနတ်ဖြင့်ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် အရာခံဗိုလ်၏ သားအား စစ်ကောင်စီက  တပ်မှထုတ်ပယ်လိုက်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ချလိုက်ကြောင်း သတင်းရရှိသည်။

မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်၌တာဝန်ကျနေသည့် ပုသိမ်မြို့၊ဗဟိုလေ့ကျင့်ရေး (၆) မှစစ်ကောင်စီတပ်မှအရာရှိနှစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့လည်က တာဝန်ထမ်းဆောင်နေစဉ် ငွေကြေးခွဲတမ်းကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အရာခံဗိုလ်က ဗိုလ်ကြီးအဆင့်အရာရှိကို သေနတ်ဖြင့်ပစ်ခတ်ပြီး  ကိုယ့်ကိုယ်ကိုယ်လည်း သေနတ်ဖြင့်ပြန်ပစ်ကာ အဆုံးစီရင်သွားခဲ့ခြင်းဟု သိရသည်။ အရာခံဗိုလ်၏ သားသည် လက်ရှိတွင် စစ်ကောင်စီတပ်တွင် ဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယခုအခါ အရာခံဗိုလ်၏ သားအား စစ်ကောင်စီက  စစ်တပ်ရာထူးမှထုတ်ပယ်လိုက်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

" စစ်တပ်ထဲမှာရှိတဲ့ အရာခံဗိုလ်ရဲ့သား စစ်ဗိုလ်ကိုတပ်ကထုတ်ပယ်လိုက်တယ်။အရာခံဗိုလ်ရဲ့ မိသားစုတွေကိုလည်း လိုင်းခန်းကနေလည်းမောင်းထုတ်လိုက်တယ်"ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အရာခံ‌ဗိုလ်၏ မိသားစုဝင်များကို လေ့ကျင်ရေး (၆) ရှိ ၀န်ထမ်းအိမ်ယာလိုင်းခန်းမှ ဇူလိုင်လ ၈ ရက်နေ့တွင် ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး ထုတ်ပယ်ခံရသူအတွက်လည်း မည်သည့်ခံစားခွင့်မျှ ‌မပေးဟု အဆိုပါ တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အရာခံဗိုလ်၏ သားကို စစ်တပ်မှ ထုတ်ပယ်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ချသည့် သတင်း ဟုတ်မှန်ကြောင်း  ပုသိမ်မြို့၊ဗဟိုလေ့ကျင့်ရေး (၆) နှင့် နီးစပ်သော မြို့ခံအချို့ကလည်း ပြောသည်။

"ခုနစ်ရက်အတွင်း လိုင်းခန်းကဆင်းပေးရမယ်တဲ့။ သူ့အဖေက အရာရှိကို ပုန်ကန်တဲ့အတွက် သူ့သား နှစ်ပွင့်နဲ့ဗိုလ်ကိုလည်း တပ်က ထုတ်လိုက်တယ်" ဟုမြို့ခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
 
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တပ်စည်းကမ်းနှင့်မညီဘဲ လက်အောက်ငယ်သားများအား ဖိနှိပ်ရန်အတွက် လုပ်ချင်ရာလုပ်သည့်ပုံစံဟု CDM ‌ဗိုလ်ကြီးတစ်ဦးက ဝေဖန်သုံးသပ်သည်။

"သေနတ်နဲ့ပစ်သတ်ခဲ့တဲ့လူက အသက်ရှင်တယ်ဆိုရင် အပြစ်ပေးအရေးယူတာတွေလုပ်ရမှာမှန်တယ်။အခုက ပစ်တဲ့လူကလည်းသေသွားပြီ။ သူရဲ့သားကို စစ်တပ်ကထုတ်ပယ်လိုက်တယ်ဆိုတာကတော့ အောက်လက်ငယ်သားတွေက အရာရှိတွေကို ပြန်ခံမလုပ်ရဲအောင်နဲ့ တပ်စည်းကမ်းနဲ့မညီဘဲ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ ပုံစံကိုပြတာလို့ထင်တယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုသည် ၁၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားနေလင်းဆိုသူ သေဆုံးခဲ့သည်ဟုသိရသည်။ ပဲခူးတိုင်း၊မင်းလှမြို့တွင်လည်း ရဲအချင်းချင်း ပစ်ခတ်မှုတစ်ခု ဇူလိုင် ၆ ရက်က ဖြစ်ခဲ့ပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးခဲ့သည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly