ဖြူးမြို့နယ်ရှိ သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲဖျက်ဆီး

By ရွှေနွယ်( မဇ္ဈိမ )
11 July 2023
ဖြူးမြို့နယ်ရှိ သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲဖျက်ဆီး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က အဓိကထား အသုံးပြုနေသော သရက်ကုန်းတံတားအား ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၄ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ဦးဆောင်တာက ကျွန်တော်တို့ဆီက ကွန်မန်ဒိုစစ်ကြောင်းမှူးပါ။ ဒီတံတားကို သူတို့(စစ်ကောင်စီတပ်ဖွဲ့) စစ်ရေးအရ အသုံးမပြုနိုင်အောင်  မိုင်းခွဲဖျက်ဆီးခဲ့တာပါ” ဟု ဖြူး ပ.က.ဖ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

သရက်ကုန်းရွာ၏ အရှေ့ဘက်ရှိ ဘုရားလဟာကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ခလရ (၄၃၉)တပ် မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါတံတားအား အဓိကထား အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့နယ် ၊ အုတ်ဖြတ်ရွာရှိ စစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် ရိုးမစစ်ကြောင်း (၂) တို့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထပ်မံ၍ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း (၂)ထံမှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း အုတ်ဖြတ်ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ဦးခန့် သေဆုံးမှုရှိကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း (၂)၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဖြူးမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသော ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ရေးတင်းမာလျက်ရှိသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required