ဒိုက်ဦး ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေ

By 001 (မဇ္စျိမ)
10 July 2023
ဒိုက်ဦး ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ထောင် ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ခံရပြီးနောက် ပျောက်ဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ခေါ်ထုတ် သွားခြင်းဖြစ်ပြီး မိသားစုဝင်များက အကျဉ်းထောင်သို့ သွားရောက်စုံစမ်းရာတွင် ထောင်တာဝန်ရှိသူများ က အကြိမ်ကြိမ်ငြင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာယာဝတီထောင်နှင့် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းမည်ဟုဆိုကာ ခေါ်ထုတ်သွားသော်လည်း သာယာ ဝတီထောင်သို့ နိုင်ငံရေးအကျဉ်းသားအသစ်များ ရောက်လာခြင်းမရှိကြောင်း စုံစမ်းသိရသည့်အတွက် အင်းစိန်ထောင်တွင် ဆက်လက်စုံစမ်းနေကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

“ဒိုက်ဦး ကျိုက်စကောထောင်က ပါဆယ်ပို့တဲ့ဌာနမှာ ဒီလူဒီလူတွေက ထောင်ပြောင်းသွားပြီ၊ ပါဆယ်ပို့ရင် လက်မခံနဲ့တော့ဆိုပြီး အရှေ့မှာ ထုတ်ထားတယ်။ အဲဒါ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က။ အဲ့ဒီမှာက ၃၂ ယောက် ပေါ့။ အဲဒီလိုထုတ်ထားတော့ အဲ့ဒီလူတွေလိုက်ရှာတော့လည်းမတွေ့ဘူး။ ပါသွားတဲ့ တယောက်ရဲ့ မိသားစု က အင်းစိန်ကိုလည်း သွားကြည့်တယ် မရှိဘူး။ သာယာဝတီသွားကြည့်တယ် မရှိဘူး။ အခုကတော့ လိုက်နေကြတာပေါ့” ဟု ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုခန့်လင်းနိုင်၏ မိသားစုထံသို့ လည်းကောင်း၊ ဇူလိုင် လ ၈ ရက်နေ့တွင် ကိုပြည့်ဖြိုးဟိန်း၏ မိသားစုထံသို့လည်းကောင်း သေဆုံးသွား ကြောင်း အကြောင်းကြားစာပေးပို့ခဲ့ကြောင်း AAPP က ဆိုသည်။

အဆိုပါ အကြောင်းကြားစာတွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော် ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ် ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပါရှိသည်။

အကြောင်းကြားစာတွင် ဇွန်လ ၂၉ ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစုများထံသို့ ဇူလိုင်လ မှသာရောက်ရှိခြင်းဖြစ်ပြီး အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ် အဖုံးတွင် ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားသည့်အတွက် စာမှာ ကိုအောင်မျိုးသူ၏ ဇနီး ထံသို့ ရောက်ရှိသွားကြောင်း သိရသည်။

ထို့ကြောင့် ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။

လက်ရှိ ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဥ်းသားများအပြင် ထောင်ဝန်ထမ်းအချို့လည်း စစ်ဆေးခံနေရ ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

“အခု ကလေးတွေအနေနဲ့ကလည်း ဘယ်အချိန်မှာ သူတို့ကိုလာခေါ်မလည်းပေါ့နော်။ စိုးရိမ်တထိတ် ထိတ်နဲ့စောင့်နေရတယ်။ သူတို့အနေနဲ့က ဘာမှလည်းဖြစ်တာမဟုတ်ဘဲနဲ့ ခေါ်သွားလိုက် ဒီလိုသတ်လိုက် ဆိုတော့ သူတို့အနေနဲ့လည်း ထိတ်လန့်မှုတော့ဖြစ်တာပေါ့”ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ဖိနှိပ်ခံနေရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ အနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က တိုက်တွန်းသည်။

“NUG အနေနဲ့သော်လည်းကောင်း၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့သော်လည်းကောင်း အဲ့ဒီကိစ္စ တွေကို နိုင်ငံတကာက ပိုပြီးတော့အာရုံစိုက်လာအောင် ပိုပြီးတော့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှု တွေပေါ်ပေါက်လာအောင် NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အဲ့ဒီကိစ္စကိုလည်း အမြန်ဆုံး အရေး ယူနိုင်ရေးအတွက်ကို NUG က ကြိုးပမ်းအားထုတ်ဖို့ လိုမယ်။ လောလောဆယ်က သူလည်း နှုတ်ပိတ် နေတဲ့ပုံစံမျိုးတွေက ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလေ”ဟု ဦးထွန်းကြည်က ပြောသည်။

လက်ရှိတွင် ထောင်ပြင်ပ ခေါ်ထုတ်ခံရသူများထဲမှ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိုးသူနှင့် ကိုပြည့်ဖြိုးအောင်တို့ ခုနစ်ဦး သေဆုံးသွားကြောင်း အတည်ပြုထားနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။

သို့သော်လည်း ထိုအထဲမှ မိသားစုဝင်အချို့ထံသို့ စစ်ကောင်စီ၏ အကြောင်းကြားစာ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ရောက်လာခြင်းမရှိသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ တဆင့် မဇ္စျိမက သိရသည်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့်နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ကျော် ထောင်ပြောင်းရွှေ့ရောက်ရှိလာကြောင်း ဇွန်လ ၂၉ ရက်နေ့ကသိရပြီး ယင်းအကျဉ်းသားများမှာ ဒိုက်ဦးထောင်မှအကျဉ်းသားများဖြစ်နိုင်ကြောင်းလည်း ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီက ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြင်ပရှိ PDF များနှင့် ဆက်သွယ် သည်ဟူသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှစပြီး အကျဉ်းသားတချို့ကို ထောင်ပြင်ပသို့ခေါ်ထုတ်ကာ ရိုက်နှက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလမှစတင်ကာ လက်ရှိအချိန်အထိ ဒိုက်ဦးထောင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးခံရသူ ၇၀ ကျော်ရှိနေပြီး စစ်ကြောရေးတွင် ကိုသန့်ဇင်ဝင်းအပါအဝင် ရှစ်ဦးသေဆုံးပြီး သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ပစ်သတ်ခံရသူ ၁၄ ဦးအထိရှိကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

အဆိုပါ ပြောကြားချက်အပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးသကဲ့သို့ စစ်ကောင်စီကလည်း ဒိုက်ဦးထောင်ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆို ခြင်းမရှိသေးချေ။

အာဏာသိမ်းပြီးနောက် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း ၁၅၀ ဦးရှိပြီဖြစ်ကြောင်း AAPP ၏ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းသည်ဆိုသည်မှာ အကြောင်းပြချက်တခုသာ ဖြစ်ပြီး ယခုလပိုင်းဖြစ်စဉ်များအရ အကျဉ်းထောင်များမှခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်ခြင်းများ ဆက် တိုက်ဆိုသလို သတင်းထွက်ပေါ်နေခြင်းဖြစ်ကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ပဲခူးတိုင်း
#ကျိုက်စကောအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#AAPP
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly