နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ ဇူလိုင် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စနစ်တကျ အခိုင်အမာ တည်ဆောက်ထားသော အင်စတီကျူးရှင်းကို ဖျက်သိမ်းသည့် နေရာတွင် စိတ်ရှည် ရန်လိုပြီး အဓိကက ယုံကြည်ချက် မယိုင်သွား ဖို့အရေးကြီးကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောသည်။ 

  • ONE DAY CHALLENGE လှုပ်ရှားမှုကနေ ရရှိလာသည့် ရန်ပုံငွေများထဲမှ အမျိုးသားညီညွတ်ရေးအစိုးရထံ လစဉ်လှူဒါန်းနေသော အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှသည့် ဝမ်ငွေကို ဇူလိုင် ၅ ရက်မှာ ပေးပို့လှူဒါန်း ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က သတင်းထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်တပ်ကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများကို ဒုစစ်ဒေသ ခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေကြောင်းယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ ကို ဇူလိုင် ၉ ရက် မနက် ၁၀ နာရီမှာပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏လာမည့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံလျှင် မြန်မာ့အရေးကိစ္စသည် အဓိကဆွေးနွေးရန် အကြောင်းရပ်တခုဖြစ်မည်ဟု နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့် တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့ရှိ အမှတ် ၁၀ စစ်သားစုဆောင်းရေးတပ် အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာရှိ ဘုန်းကြီးကျောင်း အနီးကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး စေတီ ၁ ဆူနှင့် ဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း​ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအတွင်းရှိ ကြာပင်ရဲစခန်းကို အကြမ်းဖက် စစ်တပ်က Mi 17 ဖြင့် လက်နက်ခဲယမ်းများဖြည့်တင်းပြီးနောက် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Minkin PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးနှင့်အထက်သေဆုံးသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာတွင် တပ်စွဲထား‌‌သော အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းမှ စစ်သားတချို့က စည်ပိုင်းကျေးရွာ အရှေ့ သရက်တောတွင် ကင်းပုန်းလာ၀ပ်စဉ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

  • ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အင်္ဂလန်နိုင်ငံ Sandee Mcgrath မှ လှူဒါန်းပေးသော ရှမ်းခေါက်ဆွဲ၊ ကြက်ဥပြုတ်၊ အကြော်စုံနှင့်ထိုးမုန့် တို့ကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

  • ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) တပ်ဖွဲ့က စစ်သား၊ ရဲ ကင်းပုန်းများ ရောက်ရှိနေ ကြောင်း သတင်းရရှိ၍ နယ်မြေရှင်းလင်းစဉ် ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ စကြဝတေးမင်းကြီး သပိတ် ကော်မတီမှ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အာဆီယံက စစ်ကောင်စီကို အကြမ်းဖက် စစ်အုပ်စုအဖြစ် သတ်မှတ်ပြီး တရား မဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်၍ အာဆီယံအစည်းအဝေးများအားလုံးမှ ဖယ်ရှားရန် မြန်မာလူငယ် အင်အားစုများက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး သံအမတ်ကြီးနှင့်တွေ့ဆုံ တင်ပြတောင်းဆိုလိုက်ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်မှ လူငယ်တစ်ဦး၊ ပျားစခန်း ကျေးရွာမှ လူငယ် တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားကြောင်း ကေအဲန်ယူဗဟို ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။ 

စစ်ကောင်စီ 

  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာ မူဝီနိုင်း (Don Pramudwinai) သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့မှု သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်းသုံးဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး တဦးလျှင် ထောင်ဒဏ်ခြောက်လစီချမှတ်ခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ထံမှ သိရသည်။ 

  • ကရင်နီပြည်ရှေ့တန်းမှ မင်းလှမြို့အခြေစိုက် ခလရ (၁) တပ်သို့ ပြီးခဲ့သည့်သတင်းပတ်အတွင်းက ပြန်လာ သော သုံးပွင့်ဗိုလ်ကြီးတိုးလှိုင်မြင့်နှင့် တပ်ကြပ်တင်ဇော်မိုးတို့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေကြေး အများအပြားပါလာသည်ဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင် စီ တပ်က ယမန်နေ့ မွန်းလွဲပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း The Voice Of Karenni နှင့်ဒေသပြည်သူများထံမှ သိရှိရသည်။ 

  • (၃၁၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ စစ်ကောင်စီ အမတ်ကြီးဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။ 

  • လစဉ်မီတာခကြွေးကျန် ၄ လအထက်ရှိသည့် မီတာများကို လာမည့် စက်တင်ဘာ ၁ ရက်ကစပြီး အပြီး ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်သည်။ 

  • ဇူလိုင် ၁၉ ရက်မှာကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဉ်အတွင်း ရန်ကုန်မြို့က လမ်းတချို့ကို ခေတ္တပိတ်ပြီး လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သည်။ 

  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာနှင့် အစီရင်ခံစာ ဆိုင်ရာတံခါးဖွင့် အစည်းအဝေးတို့အပေါ် အကြမ်းဖက်စစ်ကောင်စီမှ ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။ 

ဇူလိုင် ၁၀ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများကို အကြောင်းမဲ့မီးရှို့ခြင်း ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက်ခိုးယူနေသည်။ယင်းသို့ ခိုးယူလုယက်မှုများကိုလည်း အထက်အရာရှိအဆင့်ဆင့်က ခွင့်ပြုထားသည့်အတွက် တရားဝင် လိုင်စင်ရ ဓားပြအဖွဲ့ဖြစ်နေသလို စစ်ကောင်စီဝင်များမှလည်း နိုင်ငံအာဏာကိုလုယူပြီးနောက် နိုင်ငံတော်ဘဏ္ဍာကို စိတ်တိုင်းကြခိုးယူသုံးစွဲနေသည့် အတွက် စစ်အုပ်စုတစ်စုလုံး သူခိုးဓားပြအဖွဲ့ဟု ဆိုရမည်ဖြစ်သည်။ 

  • ကရင်နီနှင့်ကရင်ပြည်နယ်တို့တွင် ထင်တိုင်းလေယာဉ်ဖြင့် ဗုံးကျဲသလို လက်နက်ကြီးများဖြင့်လည်း ပြည်သူများနေထိုင်ရာသို့ ပစ်ခတ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly