မြန်မာပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အီးယူက ယူရို ၁၂ သန်းခွဲ ထောက်ပံ့

မြန်မာပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အီးယူက ယူရို ၁၂ သန်းခွဲ ထောက်ပံ့

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၊ ၎င်းတို့ကို လက်ခံနေရာပေးထားသည့် အစုအဖွဲ့များနှင့် မြန်မာပြည်သူများ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အီးယူက နောက်ထပ် ယူရို ၁၂ သန်းခွဲ ထောက်ပံ့ပေးအပ်သည်။

ယခု ထပ်မံပံ့ပိုးသည့် ငွေကြေးအကူအညီသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ဖြန့်ဝေသည့် စားနပ်ရိက္ခာများ လျော့ကျမှုကို ဖြစ်စေခဲ့သည့် ကြီးမားသော ဘဏ္ဍာငွေထောက်ပံ့မှု ဟာကွက်တစ်ခုကြောင့် ဖြစ်ပေါ်သည့် ဒုက္ခသည်စခန်းများရှိ ကြီးလေးသော စားနပ်ရိက္ခာ မလုံခြုံမှုကို လျော့ပါးသက်သာစေရန် ရည်ရွယ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တိုး ဘဏ္ဍာငွေများ စီစဉ်ခြင်း မရှိပါက ဆောင်းဦးရာသီအရောက်တွင် အခြေအနေက ရပ်တည်နိုင်စွမ်းမရှိသည့် အခြေအနေဖြစ်လာဖွယ် ရှိနေသည်။

ပဋိပက္ခများ အရှိန်မြင့်နေမှုနှင့် မေလက မြန်မာတွင် တိုက်ခတ်သွား‌သော မိုခါ ဆိုင်ကလုန်း၏ အကျိုးဆက်များကြောင့်လည်း မြန်မာတွင် လူသားချင်းစာနာမှု အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၌ အလွန်အရေးပါသော စားနပ်ရိက္ခာ အကူအညီကို အသေအချာပေးနိုင်စေရေးအတွက် ယူရို ၇ သန်း၊ မြန်မာနိုင်ငံ၌ စားနပ်ရိက္ခာနှင့်ကျန်းမာရေး အကူအညီ ထောက်ပံ့ရန်နှင့် လက်ရှိဘဏ္ဍာငွေ ဟာကွက်၏ အကျိုးဆက်များကို လျော့ပါးစေရေးအတွက် ယူရို ၄ ဒသမ ၅ သန်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယ အပါအဝင် ဒေသတစ်ဝန်းရှိ နေရပ်စွန့်ခွာရသူများ၊ ဒုက္ခသည်များ၏ တိုးပွားလာသော အကာအကွယ် လိုအပ်ချက်များကို တုံ့ပြန်ရန် ယူရို ၁ သန်း စသဖြင့် ခွဲဝေသတ်မှတ်ချထားမှုနှင့်အတူ ယခု အီးယူ၏ ဘဏ္ဍာငွေထောက်ပံ့မှုက အဆိုပါ အပူတပြင်း ဖြစ်နေသော လိုအပ်ချက်များကို တုံ့ပြန်ရန် ရည်ရွယ်သည်။

“အစားအစာ ဒါမှမဟုတ် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို မြင်ယောင်ကြည့်ပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာ ရှိတဲ့ အကူအညီ လိုအပ်နေတဲ့ ခုခံနိုင်စွမ်းအားနည်းသူတွေရဲ့ အတိုင်းမသိတဲ့ ဒုက္ခဆင်းရဲတွေကို မိမိတို့  နားလည်သဘောမပေါက်နိုင်ဘူး ဆိုပေမယ့် မိမိတို့ဟာ သူတို့ရဲ့ အသက်သွေးကြောတွေ ဆက်လက်ရှင်သန်နိုင်အောင် လူသားချင်းစာနာမှု အကူအညီတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီ ငွေကြေးခွဲဝေချထားပေးမှုက သူတို့ရဲ့ အရေးတကြီးအဖြစ်ဆုံး လိုအပ်ချက်တွေကို ကူညီတုံ့ပြန်နိုင်မှာဖြစ်သလို လက်ရှိ ငွေကြေးထောက်ပံ့မှုဟာကွက်ရဲ့ အကျိုးဆက်တွေကို ကူညီလျော့ပါးစေပါလိမ့်မယ်” ဟု ယခု ဘဏ္ဍာငွေအကူအညီနှင့်ပတ်သက်ပြီး အကျပ်အတည်း စီမံခန့်ခွဲ့မှု ကော်မရှင်နာ ဂျနက်ဇ် လန်နာစစ်က ပြောသည်။

မြန်မာတွင် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှု အကူအညီ လိုအပ်သူဦးရေသည် တစ်သန်းမှ ၁၈ သန်းကျော်အထိ မြင့်တက်ခဲ့သည်။

အာဏာသိမ်းပြီးနောက် လူ ၉၀,၀၀၀ နီးပါးသည် မြန်မာမှ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရောက်ရှိခဲ့ကြသည်။ လက်ရှိ ဖြစ်ပေါ်ဆဲ ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာကြသူများ၏ အရေအတွက်ကို ဆက်လက်မြင့်တက်စေလျက် ရှိသည်။

အီးယူသည် ၂၀၀၂ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရှိ၊ ၁၉၉၄ နောက်ပိုင်း မြန်မာရှိ ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ထားခဲ့သည်။

၂၀၂၃ ဖေဖေါ်ဝါရီတွင် မြန်မာပြည်သူများ၊ ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ၎င်းတို့ကို လက်ခံနေရာပေးထားသည့် အစုအဖွဲ့များ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အီးယူက ယူရို ၄၃ သန်းကျော် ထုတ်ပေးထားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ် ခံရပြီးနောက် ကော်မရှင်သည် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် ယူရို ၂ သန်းခွဲ ပေးခဲ့သလို အရေးပေါ် အမိုးအကာ ပစ္စည်းများ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ၊ ငွေသား ထုတ်ပေးမှုများနှင့် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပစ္စည်းများ ဖြန့်ဝေခြင်းမှတစ်ဆင့် အရေးတကြီး အကူအညီများ ပေးပို့ရင်း မြန်မာကြက်ခြေနီအသင်းကို ထောက်ပံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly