ရေဦးမြို့ ထန်းတောရွာကို စစ်ကောင်စီ လျှပ်စစ်မီးဖြတ်တောက်၊ ရေဦးပကဖက တန်ပြန်သတိပေးချက်ထုတ်ပြန်

By ရောင်နီ (မဇ္ဈိမ)
10 July 2023
ရေဦးမြို့ ထန်းတောရွာကို စစ်ကောင်စီ လျှပ်စစ်မီးဖြတ်တောက်၊ ရေဦးပကဖက တန်ပြန်သတိပေးချက်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၇ရက်မှစတင်ကာ  လျှပ်စစ်မီးဖြတ်တောက်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။ 

“ထန်းတောရွာက လျှပ်စစ်လိုင်းကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဘာကြောင့် ဖြတ်တောက်ထားလဲဆိုတာကိုတော့ မသိဘူး။ တစ်ရွာလုံးရဲ့ မီးလိုင်းကို လွန်ခဲ့တဲ့ လေး ရက်လောက်ကတည်းကနေ ဖြတ်တောက်ထားတာပါ“ ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ ဇူလိုင်လ ၁၀ရက် ပြောသည်။ 

ထန်းတောကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချတပ်စွဲထားသည့် ရေဦးမြို့နှင့် နီးကပ်စွာ တည်ရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ၀င်ရောက်လေ့ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီအနေဖြင့်  ထန်းတောရွာအပြင် အခြားကျေးရွာများကို လျှပ်စစ်မီးဖြတ်တောက်ရန် ထပ်မံ ကြိုးစားပါက ဒေသတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သက်ဆိုင်ရာဌာနများကို တုံ့ပြန်တိုက်ခိုက်သွားမည်ဟု  ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်က ဇူလိုင်လ ၈ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ 

" ဆက်လက်ပြီး အခြားသောကျေးရွာများကို ပေးထားသည့်မီးလိုင်းများအား ဖြတ်တောက်ရန် ဆက်လက်ကြိုးစားမည် ဆိုပါက မိမိတို့အနေဖြင့် PDF/ပကဖ/ပအဖ တို့ပူးပေါင်းပြီး လုပ်စရာရှိသည့်အလုပ်များ ဆက်လုပ်သွားမည်ဖြစ်ပါတယ်" ဟု သတိပေးချက်တွင် ပါဝင်သည်။

ထို့အပြင်" လျှပ်စစ်ဓါတ်အားလိုင်းများ နှင့် သက်ဆိုင်ရာနေရာဌာနများ၏ ကောင်းကျိုး၊ ဆိုးကျိုးများသည် စကစ၏တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် တာဝန်ယူမည်မဟုတ်ပါကြောင်း ကြေညာအပ်ပါတယ်"ဟု သတိပေးထားသည်။

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က   ကျေးရွာ ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဒေသခံ ထောင်နှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့်ကလည်း ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို  စစ်ကောင်စီတပ်က  တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပြင် စေတီအချို့လည်းပျက်စီးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်  ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး
#mizzima
#ရေဦးမြို့နယ်
#ထန်းတောကျေးရွာ
#လျှပ်စစ်မီးဖြတ်တောက်
1m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly