စစ်အုပ်စုက တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားစဉ် မူးယစ်ဆေးစွဲသူများ ဒုက္ခရောက်နေ

By Andrew Landen
10 July 2023
စစ်အုပ်စုက တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားစဉ် မူးယစ်ဆေးစွဲသူများ ဒုက္ခရောက်နေ

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပျံ့နှံ့ရှိနေသော မူးယစ်ဆေးစွဲနေသူတို့မှာ ဥပဒေချိုးဖောက်သော စက်ဝန်းတစ်ခုထဲ ပိတ်မိလျက် ရှိရင်း အာဏာပိုင်များထံမှ အကူအညီ မရရှိသလောက် ဖြစ်နေကြရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာနေ့နှင့်ပတ်သက်ပြီး ယခုနှစ် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ မက်ဆေ့ချ်တွင် ဇောက်ထိုးစကားတစ်ခု ရှိနေသည်။

အဓိက ဆောင်ပုဒ်လား။ “ပြည်သူသာလျှင် အဓိက၊ ကာကွယ်မှုအားကောင်းစေဖို့ ဝေဖန်ပြစ်တင်ခြင်းနှင့် ခွဲခြားဆက်ဆံမှုကို ရပ်တန့်စို့” ဖြစ်သည်။ စစ်ကောင်စီသည် မက်သာဖက်တမင်းမှ စပြီး ကီတာမင်း၊ ဘိန်းနှင့် ဘိန်းဖြူအထိ ဖမ်းဆီးရမိထားသော တရားမဝင် မူးယစ်ဆေးဝါးများ အမြောက်အမြားကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများနှင့်အတူ ထိုစာတန်းအတိုင်း သံယောင်လိုက်သည်။  

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ရပ်တည်နေသည့် စစ်ကောင်စီသည် မူးယစ်ဆေးစွဲနေသူများ ပုံမှန်ဘဝရောက်စေရေး အကူအညီပေးရန်နှင့် ပြည်သူကို အလေးထားရန် ပျက်ကွက်နေရုံတင်မကဘဲ စစ်တပ်နှင့်ရဲတပ်ဖွဲ့အပါအဝင် စစ်ကောင်စီလက်အောက်ခံ အရာရှိအများအပြားသည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ရင်း အလုပ်များလျက် ရှိသည်။ ဒီမိုကရေစီ စမ်းသပ်မှု ဆယ်စုနှစ်ကာလအတွင်း ယူနီဖောင်းဝတ် အမျိုးသားများ ပါဝင်ပတ်သက်မှုလယ်ဗယ်က အရှိန်မြင့်ခဲ့ပြီး အာဏာသိမ်းမှုအလွန် ဖရိုဖရဲအခြေအနေကာလအတွင်း ယင်းလယ်ဗယ်က စတင်၍ ဇယ်စက်သလို တိုးမြင့်လာခဲ့ကြောင်း အကဲခတ်လေ့လာသူများအရ သိရသည်။

မူးယစ်ဆေးစွဲနေသူများနှင့် ရွှေတြိဂံဒေသရှိ အပျက်သဘောဆောင်စွာ ထိခိုက်ခံစားထားရသူများ၏ ဘဝ၊ အသက်များအတွက် ကြောက်မက်ဖွယ် အခြေအနေများက ဆိုးဝါးနေသည်။ အဓိကအားဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်တို့ အပါအဝင် တိုင်းရင်းသားဧရိယာများရှိ ယာယီသုံး စက်ရုံ၊ စခန်းများ၌ ထုတ်သည့် မက်သ် ဆေးပြားများနှင့် ဘိန်းဖြူတို့က အရှေ့တောင်အာရှ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ယုတ်စွအဆုံး ထိုထက် ကျော်လွန်အလှမ်းဝေးသည့် ဒေသများရှိ နိုင်ငံများ၏ လမ်းများပေါ်သို့ သွားနေသည်။

မီးခိုးစိုင်များ
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အစုအပုံများကို ပြီးခဲ့သည့် သီတင်းပတ်က မီးရှို့ဖျက်ဆီးခဲ့စဉ် မြန်မာအာဏာသိမ်းစစ်ကောင်စီက UNDP အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်လျက်ဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းအားထုတ်နေသည် ဆိုသည်က အကြီးစား အလိမ်အညာတစ်ခုပင် ဖြစ်သည်။ မြန်မာ၊ လာအိုနှင့် ထိုင်းတို့ ပေါင်းဆုံသည့် ရွှေတြိဂံ ဒေသသည် တရားမဝင် မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲ့များအတွက် အကျိုးအမြတ်ဖြစ်ထွန်းရာ ဗဟိုချက်တစ်ခုအဖြစ် ဆက်ရှိနေသည်က အမှန်တရား ဖြစ်သည်။ ဆိုတော့ ထိခိုက်ဒုက္ခရောက်ကြရသူများမှာ ပြည်သူများပင်ဖြစ်သည်။

စစ်ကောင်စီက ဒေါ်လာသန်း ၅၀၀ နီးပါး တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးများကို ထိုနေ့တွင် ၎င်းတို့ မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု ပြောသည်။

ထို မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများက အောင်မြင်မှုတချို့၏ အထောက်အထားသက်သေဖြစ်သည်ဟု ပြောနိုင်သည်။ သို့သော် စစ်ကောင်စီ အရာရှိတစ်ဦး ပြောသကဲ့သို့ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှုများ တစ်ဟုန်ထိုး မြင့်တက်နေခြင်းကို တားဆီးနိုင်ခြင်း မရှိဘဲဖြစ်နေသည်။

ဘိန်းဖြူ၊ ဆေးခြောက်၊ မက်သာဖက်တမင်းနှင့် ဘိန်း တို့ ပါသည့် လူတစ်ရပ်စာ အမြင့်ရှိသော မူးယစ်ဆေးဝါး အစုအပုံများကို စီးပွားရေးအချက်အချာမြို့ ရန်ကုန်တွင် မီးရှို့ဖျက်ဆီးခဲ့သလို ရုပ်သံမှ ထုတ်လွှင့်သည့် မီးရှို့ဖျက်ဆီးမှုများကို နိုင်ငံရှိ အခြားနေရာများတွင်လည်း ပြုလုပ်ခဲ့သည်။ စုစုပေါင်း ဒေါ်လာ ၄၄၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီ တာဝန်ရှိသူများကပြောသည်။

မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ရေး ကြိုးပမ်းချက်က မည်မျှ အလေးအနက် ရှိပါသလဲ။ ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေသော်လည်း ဒေါ်လာ ဘီလီယံများစွာရှိ မူးယစ်ကုန်သွယ်မှုအပေါ် နှိမ်နင်းရေး အားထုတ်မှုများက ထိရောက် အရာထင်မှု ရှိမနေဟု မြန်မာ၏ မူးယစ်ဆေး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ အကြီးအကဲဖြစ်သူက ရှားရှားပါးပါး ဝန်ခံမှုအဖြစ် ပြောသည်။

“မရေတွက်နိုင်တဲ့ မူးယစ်ဆေး အလွဲသုံးသူတွေ၊ ထုတ်လုပ်သူတွေ၊ ရောင်းဝယ်သူတွေနဲ့ ဂိုဏ်းအဖွဲ့တွေ ဖမ်းဆီး၊ တရားစွဲဆိုခံထားရတယ် ဆိုပေမယ့်လည်း မူးယစ်ဆေးတွေ ထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုတွေက လုံးဝ ကျဆင်းမသွားခဲ့ဘူး” ဟု စိုးထွဋ်က ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာကို ပြောသည်။
“အလေးအနက် မရှိ”
နိုင်ငံတွင် ထိန်းချုပ်နိုင်ပြီး ပုံမှန်ပြန်ဖြစ်နေပြီဆိုပြီး စစ်ကောင်စီက ဟန်ဆောင်နေသော်ငြား လက်တွေ့အမှန်တရားမှာမူ စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ ရပ်တည်မှုကို ထိန်းထားရန် အသေအလဲ ကြိုးစားနေရခြင်းပင်ဖြစ်သည်။ ယင်းသို့ ကြိုးပမ်းရာတွင် အွန်လိုင်း အလိမ်အညာ ရိုက်စားလုပ်ရပ်များ ပါဝင်သည့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သစ်ထုတ်လုပ်မှု၊ သတ္တုတူးဖော်မှု တို့ အပါအဝင် တရားမဝင်၊ ဥပဒေနှင့် မညီသော သို့မဟုတ် ထိခိုက်စေသော လုပ်ဆောင်ချက်အမျိုးမျိုးမှ ရသည့် ဝင်ငွေရင်းမြစ်များကို တိတ်တဆိတ် ထိန်းထားခြင်းတို့ ပါဝင်သည်။

အာဏာသိမ်းမှုနောက်ပိုင်း အကြီးအကျယ် ပုံရိပ်ထိခိုက်ပျက်စီးသွားခဲ့ပြီဖြစ်သည့် စစ်တပ်သည် အကျိုးအမြတ် များသော ရောင်းဝယ်ကုန်သွယ်မှုကို အဆုံးသတ်စေရေး အလေးအနက် ထားခြင်း မရှိဟု အကဲခတ်များက ပြောသည်။ စစ်တပ်သည် လက်တွေ့အမှန်အားဖြင့် ရောင်းဝယ်မှု၏ အဓိက အကာအကွယ် ဂိုဏ်းအဖွဲ့ဖြစ်ပြီး ယင်းသည် နှစ်များကြာ ဖြစ်နေခဲ့ခြင်းဖြစ်သည်ဟု လွတ်လပ်သော အကဲခတ်တစ်ဦးဖြစ်သည့် ဒေးဗစ် မက်သီဆန်က အေအက်ဖ်ပီကို ပြောသည်။
မြန်မာတွင် ယမန်နှစ်က ခရစ္စတယ် မက်သ် များ စံချိန်တင် ဖမ်းဆီးရမိကြောင်းနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် ပရမ်းပတာ အခြေအနေများအောက်တွင် ဘိန်းစိုက်ပျိုးမှုက ပြန်လည်ရှင်သန်ခဲ့သည်ကို မြင်တွေ့ထားခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောခဲ့ပြီးနောက် ယခု မူးယစ်ဆေး မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်က မြန်မာတွင် ခရစ္စတယ် မက်သ် ၂၃ တန် ကျော် ဖမ်းဆီးရမိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးက ယခုလအစောပိုင်းတွင် ပြောသည်။
အရှေ့တောင်အာရှဒေသတစ်ခွင်တွင် ခရစ္စတယ် မက်သ်အတွက် လက်ကားနှင့် မှောင်ခိုပေါက်ဈေးများက ကျဆင်းနေသည် သို့မဟုတ် စံချိန်တင် နိမ့်ကျသည့် လယ်ဗယ်များတွင် ရောက်နေသည်ဟု ယင်းက ပြောသည်။

“အင်အားအကြီးမားဆုံး ဒေသတွင်း မှောင်ခိုကွန်ရက်များသည် ၎င်းတို့အနေဖြင့် တားဆီးပိတ်ဆို့ခံရမည်မဟုတ် သို့မဟုတ် ၎င်းတို့ကို တားဆီး၍ ရနိုင်မည် မဟုတ်ဆိုသည့် မြင့်မားသည့် အတိုင်းအတာတစ်ခုရှိသည့် သေချာမှုအနေအထားတစ်ခုနှင့်အတူ လည်ပတ်လုပ်ကိုင်နိုင်စွမ်း ရှိနေသည်” ဟု ယင်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် ဘိန်းထုတ်လုပ်မှုက သိသိသာသာ မြင့်တက်ခဲ့သည်ဟု ကုလရုံးက ဇန်နဝါရီလက ပြောသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပရမ်းပတာ အခြေအနေများက တောင်သူများကို ဘိန်းသီးနှံ စိုက်ပျိုးစေရန် တွန်းပို့ခဲ့သည်။ ဘိန်းသီးနှံအတွက် အသုံးပြုသည့် မြေဧရိယာသည် လက်ရှိတွင် ဟက်တာ ၄၀,၀၀၀ ကျော်အထိ ရှိနေပြီဟု ကုလက ပြောသည်။ ယင်းက နယူးယော့ခ်စီးတီး၏ ထက်ဝက် အရွယ်အစားမျှ ဖြစ်သည်။

မက်သ် အများစု အပါအဝင် ဒေါ်လာ ၆၀၇ သန်းခန့် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါး ၃၂ တန်ကို ဖျက်ဆီးခဲ့ကြောင်း အိမ်နီးချင်း ထိုင်းနိုင်ငံရှိ အာဏာပိုင်များက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် မူးယစ်ဆေးဝါး လက်လှမ်းမီ ရရှိမှုပိုင်း မြင့်တက်နေခဲ့ပြီး ရဲများသည် မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို အမှန်တကယ် လုပ်ဆောင်ရမည်ထက် ငွေညှစ်ရန်သာ ပိုမို စိတ်ဝင်စားနေခဲ့သည်။ ကီတာမင်းက ရွေးချယ်စရာ မူးယစ်ဆေးအဖြစ်ရှိနေသလို ကာရာအိုကေ ဘားများ၌ လူငယ်များ မူးယစ်ဆေးများကို လွတ်လွတ်လပ်လပ် ရနိုင်၊ သုံးနိုင်နေသော မြို့ကြီးများတွင် ရဲများသည် တာဝန်လျော့ရဲနေသည့်ပုံပေါ်နေသည်။

မေ့လျော့ခံထားရသည့် မူးယစ်ဆေးစွဲသူများ

မူးယစ်ဆေးထုတ်သည့် စက်ရုံများ၊ ချက်လုပ်သည့် စခန်းများနှင့်အတူ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲ့များ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် စစ်တပ်၊ ရဲနှင့် စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအရာရှိများ အကျိုးအမြတ် ဖြစ်ထွန်းနေသော်ငြား အရှေ့တောင်အာရှဒေသနှင့် ထိုထက်ဝေးသည့် ဒေသရှိ ပြည်သူ သိန်းချီ၊ အထူးသဖြင့် လူငယ်များသည် သောက်ခြင်း၊ ဖွာခြင်း၊ ထိုးသွင်းခြင်းအထိ နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည့် မူးယစ်ဆေးဝါးများကို တန်ဖိုးပေါပေါလောလောဖြင့် ရနိုင်၊ သုံးနိုင်နေမှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေကြရသည်။

မြန်မာလူငယ်ထုအတွက် မူးယစ်ဆေးဝါး အန္တရာယ်သည် အာဏာသိမ်းမှုအလွန် နိုင်ငံအပေါ် ဖိစီးဒုက္ခပေးနေသည့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများကို ပိုဆိုးစေသည်။ ယင်းသည် ရုန်းမထွက်နိုင်သည့် ဝဲဩဃတစ်ခု ဖြစ်နိုင်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်း သို့မဟုတ် မရှိခြင်းက မူးယစ်ဆေး သုံးစွဲမှု မြင့်တက်မှုကို ဖြစ်စေနိုင်ပြီး လူငယ်များအကြား မူးယစ်ဆေး မှောင်ခို ရောင်းချသူတစ်ဦး ဖြစ်လာစေရန် ဆွဲဆောင်မှုကို ဦးတည်စေနိုင်သလို သေရေးရှင်ရေးတမျှ အချိန်ကာလများအတွင်း ၎င်းတို့အတွက် ဝင်ငွေထောက်ပံ့ခြင်းနှင့် မူးယစ်ဆေးစွဲမှုတို့ကို ပံ့ပိုးပေးလျက်ရှိသည်။

ဆယ်စုနှစ်ကြာ ဒီမိုကရေစီ အခွင့်အလမ်းကာလအတွင်း မြန်မာတွင် ပုံစံတချို့ဖြင့် တည်ငြိမ်မှု ရှိခဲ့သည့် အချိန်တွင်တောင်မှ လူငယ်များအတွင်း မူးယစ်ဆေးဝါးများ၏ ဆွဲဆောင်မှုက ရှိနေခဲ့သည်။ အာဏာသိမ်းမှုအလွန် ယနေ့ကာလတွင်မူ မူးယစ်ဆေးစွဲနေသူများအနေဖြင့် မျှော်လင့်အားရဖွယ် မရှိသော အနာဂတ်တစ်ခုကို ရင်ဆိုင်နေရသည်။

THE BIG LIE: Drug addicts suffer as Myanmar junta covers up their involvement in illegal trade
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly