အာဖဂန်တာလီဘန်များက ပါကစ္စတန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စတင် လုပ်ဆောင်နေ

By The News
10 July 2023
အာဖဂန်တာလီဘန်များက ပါကစ္စတန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စတင် လုပ်ဆောင်နေ

တာလီဘန်ဦးဆောင်သော အာဖဂန်ကြားဖြတ်အစိုးရသည် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏စိုးရိမ်ပူပန်မှုများအပါအဝင် ပါကစ္စတန်နှင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ဖြေရှင်းရန် ခြေလှမ်းများ စတင်နေပြီဖြစ်ကြောင်း ပါကစ္စတန်သံအမတ်က ပြောကြားသည်။

ဗွီအိုအေ သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးကိုယ်စားလှယ် အာဆစ်ဒါရန်နီက အာဖဂန်နယ်စပ်ဒေသများမှ တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) စစ်သွေးကြွများကို ပြောင်းရွှေ့နေရာချထားခြင်းသည် သိသာထင်ရှားသော တိုးတက်မှုဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ရလဒ်များကို ခန့်မှန်းရန် စောနေသေးကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက  အာဖဂန်တာလီဘန်များ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများအတွက် တာဝန်ရှိ သည့် TTP အပါအဝင် အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား အရေးယူရန် ပါကစ္စတန်က တာလီဘန်အာဏာပိုင်များကို တောင်းဆိုထားသည်။

TTP စစ်သွေးကြွများသည် ပါကစ္စတန်နှင့် ထိစပ်နေသော အာဖဂနနယ်မြေများမှ ထွက်ခွါနေပြီဖြစ်ကြောင်း တာလီဘန် ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ဒါရာနီက "ဒါဟာ လေးနက်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် TTP အဖွဲ့ဝင်တွေ ငြိမ်သွားအောင်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။ အချိန်ယူပြီးတော့လုပ်ရမယ်ဆိုပေမယ့် လုပ်ငန်းစဉ်ကို စတင်နေပါပြီ" ဟု ပြောကြားခဲ့သည်။

"ဒါက အာဖဂန်အစိုးရက လုပ်ဆောင်နေတဲ့ ခြေလှမ်းတစ်ခုပါ။ ကျွန်တော်တို့ ရလဒ်တွေကို စောင့်ကြည့်ရပါမယ်။ အခုက ကနဦးအဆင့်မှာ ရှိနေသေးတဲ့အတွက် မှတ်ချက်ပေးဖို့ စောလွန်းပါသေးတယ်။ ဒါပေမယ့် ဒီ TTP အဖွဲ့ကို ပြောင်းရွှေ့နေရာချထားမှုဟာ တကယ်ဖြစ်လာပြီး ကျွန်တော်တို့ နယ်စပ်တစ်လျှောက်မှာ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်ဆိုရင် ဒါဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာမှာဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ပါစ္စတန်သံအမတ်က ပြောသည်။

ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးများသည် TTP အား နယ်မြေထိန်းချုပ်မှု မပေးတော့ဘဲ နယ်စပ်ဒေသများမှ ၎င်းတို့၏ နေရာရွှေ့ပြောင်းမှုသည် ယခုအခါ အာဖဂန်တာလီဘန်များအတွက် တာဝန်ယူရန် ဖြစ်လာကြောင်း ပြသနေသည်ဟု ဒါရန်နီက ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်ဟာ အခုအချိန်မှာ တော်တော်လေး အေးချမ်းနေပြီဆိုပေမယ့် TTP၊ အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှု (ETIM) နှင့် တခြားစိုးရိမ်စရာအုပ်စုတွေရဲ့ အဖွဲ့ငယ်တွေ ရှိနေပါသေးတယ်။ အာဖဂန်အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ စီမံချက်တွေ လုပ်ဆောင်လိမ့်မယ်လို့ ပါကစ္စတန်နဲ့ တရုတ်တို့က မျှော်လင့်ထားပါတယ်" ဟု ဒါရန်နီက ပြောသည်။

"အာဖဂန်တာလီဘန်နဲ့ အမေရိကန်အာဏာပိုင်တွေက ကျွန်တော်တို့ မျှော်လင့်ထားသလို အကြမ်းဖက်မှု တန်ပြန်ရေးစီမံချက်တွေ ထားရှိပြီး လုပ်ငန်းစဉ်တွေ စတင်နေပြီလို့ သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။ မကြာမီကာလအတွင်းမှာလည်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဒါရန်နီက VOA သို့ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly