ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လယ်စိုက်ရန် အခက်ကြုံနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 July 2023
ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လယ်စိုက်ရန် အခက်ကြုံနေရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းနှင့် တင်းကြပ်စွာ ဖမ်းဆီး စစ်ဆေးခြင်းများရှိနေသည့်အတွက် လယ်သမားများ စပါးစိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု ဒေသခံများ ထံမှ သိရသည်။

“စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကိုကြောက်လို့ စပါးစိုက်ဖို့ အခက်ကြုံနေရတာပါ။ အပိုဝင်ငွေ ရအောင်စိုက်ပျိုးဖို့ထက် မိသားစုစားဖို့ကိုတောင် အခြေအနေကြည့်ပြီးစိုက်နေရပါတယ်”ဟု ပလမြို့မှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိ ပုလောမြို့နယ်အတွင်းရှိ ပလမြို့နှင့် ပလောက်မြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဖမ်းဆီးခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် စပါးစိုက်ရန် အခက်ကြုံနေကြရ ခြင်းဖြစ်သည်ဟု ဆိုသည်။

ပလမြို့နှင့် ပလောက်မြို့တို့သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့များဖြစ်၍ အချိန် အကန့်အသတ်ဖြင့် သွားလာနေရခြင်းက လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြရန်အတွက် ကန့်သတ် ချက်ဖြစ်နေကြရသည်ဟု ဆိုသည်။

ယင်းအပြင် မျိုးစပါးများ လုံလုံလောက်လောက် ဝယ်ယူမရခြင်းနှင့် လယ်ယာလုပ်သား ခေါ်ယူရန် အခက် အခဲများလည်းရှိနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

“မြို့တက်ပြီး မျိုးစပါးက များများစားစားဝယ်လို့ မရဘူး၊ စစ်ဆေးရေးဂိတ်တွေက များများပါလာရင်သိမ်း တယ်၊ အလုပ်သမားတွေကိုခေါ်မရတော့ ကိုယ်တိုင်စိုက်ရတာများတယ်”ဟု ပလောက်မြို့မှ တောင်သူ တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် စစ်ရှောင်များ ပိုများလာသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ပုလောမြို့နယ်ရှိ  စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များက ဒေသခံပြည်သူများကို စားနပ် ရိက္ခာနှင့်ပတ်သက်ပြီး ဆန်၊ ဆီနှင့် အခြားသော ကုန်ခြောက်များကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေးထားပြီး ပိုမိုသယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းနေကြောင်း ပုလောဒေခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required