လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

By မဇ္ဈိမ 
10 July 2023
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တစ်ဖက်သတ် ဆွေးနွေးခြင်းနဲ့ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တင်ပြချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူသားဆန်မှုနဲ့ ကြားနေအခြေခံမူများကို မကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေးသွတ်သွင်းနေကြောင်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အစီရင်ခံစာရေးသားသူနဲ့ ၎င်းလုပ်ပိုင်ခွင့်ကို ဖန်တီးတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို မျက်ကွယ်ပြု ကာ နိုင်ငံအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးနေကြောင်းနဲ့ တည်ငြိမ်မှုကို နှောင့်ယှက်နေကြောင်း စစ်ကောင်စီကထုတ်ပြန်ထားတာပါ။

ကုလလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့တဲ့ "မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေတဲ့ နိုင်ငံတကာ လက်နက်ကုန်သွယ်မှုလမ်းကြောင်းများ"ခေါင်းစဉ်နဲ့အစည်းအဝေးစာရွက်စာတမ်း ထုတ်ပြန်ခဲ့မှု စတဲ့ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မီးမောင်းထိုးပြလိုကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုချက်က ပြည်သူများကို ထိခိုက်စေရန်နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly