ကမ္ဘာတည်သရွေ့စည်းလုံးစွာနေထိုင်မယ်ဆိုတဲ့ ချစ်သော နာဂတို့ဆီသို့ အပိုင်း(၃)

02 April 2016
ကမ္ဘာတည်သရွေ့စည်းလုံးစွာနေထိုင်မယ်ဆိုတဲ့ ချစ်သော နာဂတို့ဆီသို့ အပိုင်း(၃)

နာဂတိုင်းရင်းသားတွေမှာ ရာသီအလိုက် ကျင်းပကြတဲ့ ပွဲတော်အမျိုးမျိုး ရှိကြပါတယ်။ တောင်ယာလုပ်ငန်းပေါ်အခြေခံတဲ့ ကပွဲတွေသာ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက် စစ်ချီအကနဲ့ စစ်အောင်နိုင်တဲ့အကတွေလည်း ရှိကြပါတယ်။ အခုကနေတာဟာ စစ်ပွဲနိုင်ပြီး အောင်ပွဲခံတဲ့ အကကို ကခုန်နေကြတာဖြစ်ပါတယ်။ စည်းလုံးညီညွှတ်မှုရဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။

ညနေချိန်ကာလ သီဆိုကခုန်နေကြတဲ့ နာဂတိုင်းရင်းသားကြီးတွေဖြစ်ပါတယ်။ ခန့်ညားတဲ့ ငှက်မွေးဦးထုတ်ကြီးတွေက စစ်သူရဲကောင်းတို့ရဲ့ ပုံစံ၊ ရိုးရာဝတ်စုံရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ တူညီဝတ်စုံတွေကတော့ ခေတ်ကာလရဲ့ အပြင်အဆင်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဒါဟာလည်း ကြာခဲ့ပါပြီ။ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဆင်တန်ဆာတွေဟာ တောင်ပေါ်ဒေသရဲ့ ရိုးရာအစဉ်အလာဖန်တီးမှုတွေဖြစ်ပါတယ်။ တိရိစ္ဆာန်အမွေးတွေ၊ အရိုးတွေ၊ အစွယ်တွေ နဲ့ အလှဆင်ထားကြတာဖြစ်ပါတယ်။ မြင်နေရတဲ့ ပုံစံက မတူညီတဲ့ နာဂမျိုးနွယ်စု အမြောက်အများထဲကမှ တစ်ခုလို့သာ ပြောရမှာပါ။

ဆော်လောနောက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထန်ပုံက အခုလို ရှင်းပြပါတယ်။

“ကျွန်တော်တို့ ဆော်လော် အမျိုးဆိုရင် ကျွန်တော်တို့ ဂုဏ်ဝမ် လူမျိုးလို့ ခေါ်ပါတယ်။ ကမ္ဘာတည်သရွေ့ ဒီလိုပဲ စည်းလုံးညီညွှတ်စွာနဲ့ ရပ်တည်နေမယ်။ ဘယ်အန္တရာယ်မျိုးပဲ ကြုံလာ ကြုံလာ ဘယ်လို အခက်အခဲမျိုးပဲ ကြုံလာ ကြုံလာ ကျွန်တော်တို့ ရဲဝင့်စွာ ရင်ဆိုင်မယ် တိုက်ခိုက်မယ်ဆိုတဲ့ ကတိတွေကို ခိုလှုံပြီးတော့ ကျွန်တော်တို့ သီဆိုခဲ့တယ်။ ကတဲ့ ကဟန်ကလည်း စည်းလုံးခြင်းရဲ့ သဘောပဲ ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ ရန်သူတစ်ဦးကို နိုင်ခဲ့သည့်အခါ ပွဲခံတဲ့ အခါမှာ ကတဲ့ ကဟန်နဲ့ ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက်လည်း စည်းလုံးလာခဲ့တယ်။ အခုလည်း ကျွန်တော်တို့ လူမျိုးတွေဟာ စည်းစည်းလုံးလုံးနဲ့ ရဲရဲဝင့်ဝင့်နဲ့ ဒီလိုပဲ ရပ်တည်ရင် ကမ္ဘာတည်မယ်လို့ ဆိုကြတာပေါ့။ ”

အခု တွေ့နေရာတာကတော့ နာဂလူမျိုးတွေရဲ့ ပန်ဒုံး ထုခြင်းဖြစ်ပါတယ်။ ပန်ဒုံးဟာ နာဂလူမျိုးတို့အတွက် ဘိုးဘွားအစဉ်အဆက် အရေးကြီးခဲ့သလို ရွာတိုင်း ရွာတိုင်းမှာ တွေ့မြင်နိုင်မယ့် အရာလည်းဖြစ်ပါတယ်။ ပန်ဒုံးထုအသံပြုခြင်း ဟာ ရပ်ရွာအတွက် ထူးထူးခြားခြားအသိပေးစရာ သတင်းစကားတခုရှိရင် ထုလေ့ရှိပါတယ်။ ရှေးခေတ်ကာလ စစ်ပွဲနှိုးဆော်တာ၊ အောင်ပွဲခံတာတွေ ပြုလုပ်တဲ့ နည်းလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ ပျော်ပွဲရွှင်ပွဲရက်တွေမှာ ပန်ဒုံးထုတယ်။ ပြီးကျရင် ကျွန်တော်တို့ ရွာတွေမှာ လုပ်ငန်းတစ်ခု ရှိပြီ ဝိုင်းပြီးတော့ လုပ်ရမယ့် လုပ်ငန်းမျိုး ရှိတယ်ဆိုရင် ဒါစုပြီးတော့ ထုကြတာမျိုး ရှိတယ်။ ပြီးကြရင် ကိုယ့်ရပ်ကွက်လိုက် ပျော်ပွဲစားပေါ့။ ပွဲတစ်ခု လုပ်မယ်ဆိုရင်လည်း ပျော်ပွဲရွှင်ပွဲနေရာမှာ ဝိုင်းပြီးတော့ စုပြီးတော့ ထုကြတာ ရှိတယ်။

ပန်ဒုံး က တစ်ဖက်က ကြည့်မယ်ဆိုရင် ရွာစောင့်နတ် ပူဇော်ပသတဲ့ ခေါင်းပုံစံမျိုးလေး ဖြစ်တယ်ပေါ့နော်။ နောက် ဒီနေ့ထုတဲ့ ပျော်ပွဲရွှင်ပွဲ ထုတဲ့ ပန်ဒုံး က တစ်မျိုး နောက် ရန်သူဦးခါင်းတွေ ပါလာလို့ အဲဒီခေါင်းတွေကို ပူဇော်ပသဖို့ လုပ်တဲ့ ပန်ဒုံး တစ်မျိုးပေါ့။ မတူဘူးပေါ့။ အဲဒီ ပန်ဒုံး ကိုကြတော့ ကျွန်တော်တို့ အောင်ပွဲခံတဲ့အချိန် ဥပမာ ရန်သူတွေပါလာပြီ ခေါင်းတွေ ပါလာပြီဆိုရင် အဲဒီ ပန်ဒုံးကို ပြန်ထုရတယ်။ ”

 မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့ အနောက်ဘက်ခြမ်းတနေရာ၊ အေးမြတဲ့ တောင်တန်းတွေကြားထဲမှာ ဖြစ်ပါတယ်။ တောင်တန်းကြီးက ကွယ်ထားတာကြောင့် မနက်ခင်း နေရောင်ခြည်က ရောက်မလာသေးပါဘူး၊ မှုန်ပျပျအလင်းရောင်အောက်မှာပဲ ဒီရွာကလေးက လှုပ်ရှားအသက်ဝင်လာပါတယ်။ ဒီရွာလေးဟာ ချင်းတွင်းမြစ်ကမ်းဘေးက ခန္တီးမြို့ကနေ အနောက်ဘက်တည့်တည့် မိုင်ပေါင်း ၈၀ လောက် ကွာဝေးတဲ့နေရာမှာ ရှိပါတယ်။ တောင်တန်းထူထပ်လှတဲ့ အိန္ဒိယ - မြန်မာနယ်စပ် တစ်နေရာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနောက်မြောက် အစွန်ဆုံး အိန္ဒိယ နယ်စပ်အနီးမှာ ရှိနေတဲ့ နာဂရွာ တစ်ရွာလေးကို ရောက်နေတာပါ။ ဒီရွာလေးရဲ့ မနက်ပိုင်း ၆ နာရီလောက် အချိန်ဖြစ်ပါတယ်။ အခုနှင်းတွေ ကျပြီးတော့ ရွာလေးကတော့ အရမ်းကို လှနေပါတယ်။ ရွာလေးထဲမှာ ရွာသူရွာသားတွေက ရွာသူတွေက ဆန်ထောင်းနေကြပါတယ်။ သူတို့ စားမယ့် ဆန်ကိုထောင်းနေကြပါတယ်.။ တစ်ချို့က ကျွေးစရာရှိတဲ့ တိရစ္ဆာန်တွေကို အစာကျွေးတာ လုပ်နေကြပါတယ်။ ရွာသားတွေကတော့ ရွာထဲမှာရှိတဲ့ ရေကန်တွေမှာ လာပြီးတော့ ရေခပ်ကြတယ်။

ဒီရွာလေးကိုတော့ ဆော်လော်ရွာလို့ ခေါ်ကြပါတယ်။ အပြည့်အစုံကတော့ ဆော်လော်နောက်ကုန်းရွာပါ။ ဒီရွာလေးကိုရောက်လာဖို့ အနီးဆုံးမြို့တမြို့ဖြစ်တဲ့ လဟယ်မြို့ကနေ ဆိုင်ကယ်ခရီးကြမ်းနှင်ခဲ့ကြပြီးမှ ရောက်လာခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။  ရှေးရိုးအစဉ်အလာ၊ လူနေမှုဘဝနဲ့ သမိုင်းကြောင်းတွေကို ပိုပြီးလေ့လာခွင့်ရဖို့ မြို့ပြနဲ့ အလှမ်းဝေးရာ ဒီရွာလေးကို ကျနော်တို့ ရွေးချယ်ပြီး လာခဲ့ကြတာဖြစ်ပါတယ်။ လူသူအရောက်အပေါက်နည်းလှတဲ့ ရွာလေးတွေဟာ နာဂတောင်တန်းပေါ်မှာ နေရာအနှံ့ ရှိနေဆဲလည်းဖြစ်ပါတယ်။

ဒီရွာရဲ့ မနက်ခင်းဟာ လှုပ်လှုပ်ရှားရှား မရှိလှပါဘူး။ တိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် အိမ်တိုင်းလိုလိုကနေ ဆန်ဖွတ်သံ၊ ပြောင်းဆံဖွတ်သံ တချက်ချက် ကြားနေရပါတယ်။

တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အဲဒီစိုက်ပျိုးသီးနှံတွေကိုပဲ အဓိက စားသောက်ကြပါတယ်။ ဟင်းအတွက်တော့ အိမ်မွေးတိရစ္ဆာန်မွေးတာအပြင် အမဲလိုက်ပြီးလည်း စားလေ့ရှိကြပါတယ်။ စိုက်ပျိုးရေးအတွက် စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး စတာတွေကို အဓိကစိုက်ပျိုးကြပါတယ်။

တောင်ပေါ်ရွာလေးဖြစ်တာကြောင့် အိမ်တွေက ခြေတံရှည်အိမ်တွေဖြစ်ပြီး ဝါးကိုသာ အဓိကအသုံးပြုပြီး ဆောက်ထားပါတယ်။ အိမ်တွေကိုကြည့်လိုက်ရင် ဓါးမျိုးထဲကိုသာသုံးပြီး ခုတ်ထစ်တည်ဆောက်ထား  သလိုပါပဲ။ အိမ်ရှေ့မှာတော့ တိရစ္ဆာ ဦးခေါင်းအရိုးတွေကို ချိတ်ထားကြပါတယ်။

ဒီရွာမှာတော့ ရှေးခေတ်ရဲ့ လူနေမှုပုံစံအတိုင်း နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားကြီးတွေတချို့ ရှိနေပါသေးတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အတူ နေထိုင်မှုပုံစံတွေလည်း ပြောင်းလာပြီဆိုတော့ ဒီမြင်ကွင်းတွေကလည်း ရှားပါးလာပြီဖြစ်ပါတယ်။

ချမ်းအေးလွန်းတဲ့ ရာသီဥတုအောင်မှာ ဘယ်လိုနေထိုင်ခဲ့ကြသလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သဘာဝတရားနဲ့ လိုက်လျောညီထွေ ရှင်သန်လာခဲ့ကြတဲ့ အလေ့အကျင့်တခုလည်း ဖြစ်ပါတယ်။

“အရင်တုန်းကဆိုရင်တော့ သိပ်ပြီးတော့ အဝတ်စားဝတ်တာ မရှိဘူးပေါ့နော်။ အဝတ်အစား မဝတ်ဘူးဆိုတော့ သိပ်မချမ်းဘူးပေါ့။ နည်းနည်း အဲလောက်ကြီး မချမ်းဘူးပေါ့ အခုကြတော့ အဝတ်စား ဝတ်ကြည့်တာကြတော့ ချမ်းတဲ့ အရသာ ခံစားရတယ်။ အရင်တုန်းက စောင်မရှိလို့ မချမ်းတာ လို့ ပြောပါတယ်။ အချမ်းဒဏ်ကို ဘယ်လို ကာကွယ်ကြလဲဆိုတော့ တကယ်တော့ အရမ်းချမ်းလာပြီဆိုရင် မီးပဲ လှှုံကြတယ်တဲ့။

 အရင်တုန်းကဆိုရင်တိုက်ပွဲတွေ ဖြစ်တယ်။ ရှေ့ခေတ်မှာဆို တစ်ရွာနဲ့ တစ်ရွာ တိုက်ကြတယ်။ အဲတော့ တောင်ယာလုပ်တဲ့ အချိန်က သိပ်မရှိဘူးပေါ့။ မနက်ပိုင်း စောစောသွားတယ်။ ပြီးရင် ချက်ချင်း စောစောပြန်လာတယ်။ အဲတော့ ထမင်းငတ်ကြတယ်ပေါ့နော်။  စစ်တိုက်တာ သွားဖူးတယ် ။  လှံနဲ့ ထိုးကြ နောက် ဓားနဲ့ ခုတ်ကြပေါ့နော်။ အဲလိုမျိုးတွေပဲ စစ်တိုက်ခဲ့တယ်။  အရင်တုန်းကနဲ့စာရင် အခုက အရမ်းကို ကြောက်စရာ ကောင်းလာတယ်ပေါ့။ အခုကြတော့ သေနတ်တွေနဲ့ ပစ်ကြတယ်။ နောက် လက်နက်ကြီးတွေနဲ့ ထုကြတယ်။ လက်ပစ်ဗုံးတွေနဲ့ ချကြဆိုတော့ အဲ တာ အရမ်းကြောက်စရာ ကောင်းပါတယ်။ ”

အသက်ကို ဘယ်လိုရေတွက်သလဲလို့ မေးကြည့်တဲ့အခါ တောင်ယာကွက် လည်ပတ်တဲ့အရေအတွေက်ကို ရေတွက်သွားတယ်တဲ့။ သူက တောင်ယာတစ်ပတ်ပြည့်ရင် ကိုးနှစ်ကြာတယ်ပေါ့။ အဲလို အပတ်တွေကို သူက ရေတွက်တယ်တဲ့။ အပတ် ၁၀ ခါပြည့်ရင်တော့ ကိုးဆယ်ပေါ့နော်။ အပတ် ၁၀ မကတော့ဘူးတဲ့။

အခုတော့ ဆော်လော်ရွာက တောလိုက်မုဆိုးတွေနဲ့အတူ အမဲလိုက်တဲ့အကြောင်းကို တွေ့ရတော့မှာပါ။ မုဆိုး ၂ ယောက်နဲ့အတူ ကျနော်တို့တွေ တောစပ်ဆီကို သွားနေကြပါပြီ။  

ပထမဆုံး ကိုယ်စခန်းချထားတဲ့နေရာပေါ့ အဲနေရာကနေ သူတို့ အမဲလိုက်ထွက်တော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ရှေ့မှာ ဘာကောင် အရင်ဖြတ်ထားနှင့်ပြီလည်း ဥပမာ ကိုယ့်ရှေ့မှာ သွားထားတဲ့ ဘာခြေရာ အရင်တွေ့မလဲပေါ့။ ကြီးတာ သေးတာ မဆိုထားဘူးတဲ့။ ဘာကောင် အရင်ဖြတ်ထားလည်း အဲကောင်ကို ပထမဆုံး လိုက်ရတယ်ပေါ့။ ပထမဆုံးက အခုနကပြောသလို ထွက်လာပြီဆိုရင် သူတို့က အရင်ဆုံးခြေရာတွေ့တာတော့ ကိုယ်နဲ့ထိုက်လို့ပေါ့။. ကြီးတာ သေးတာ မဆိုးထားဘူး ဝက်ဝံပဲ တွေ့တွေ့ တောဝက်ပဲ တွေ့တွေ့ နောက် တောင်ဆိတ်ပဲ တွေ့တွေ့ပေါ့နော်။ ကိုယ့်တွေ့တာနဲ့ ဒီကောင်ကတော့ ကိုယ်နဲ့ ထိုက်လို့ ကိုယ့်ရှေ့က ဖြတ်သွားတာပဲ ဆိုပြီးတော့ အဲကောင်ကို လိုက်ရတယ်။

 ခြေရာခံမိတာနဲ့ ဒီခြေရာက ဘယ်လောက်ထိ နောက်ကြနေပြီ တစ်ရက်ကြိုပြီလား ဒီနေ့မနက်လား ဘယ်အချိန်လည်း အဲအချိန်ကို ကြည့်တယ်။ အဲခြေရာထဲမှာ ပါနိုင်တဲ့ အမှိုက်တွေ ကိုကြည့်ပြီးတော့ ဘယ်အချိန်လောက် ဖြစ်နိုင်တယ်ဆို ခန့်မှန်းပါတယ်တဲ့။ ကိုယ့်နဲ့ အနီးဆုံး အချိန်ဖြစ်တဲ့ ဘယ်လောက်မှ မပြေးနိုင်သေးဘူးဆိုရင်တော့ ကိုယ်က အဲတာကို လိုက်ရတယ်။ လိုက်ပြီးရင် ဘယ်လိုမျိုး နေရာမှာနေတတ်တယ်။ ဘယ်လိုမျိုး ချိုင့်ခွက်မှာ နေတတ်တယ်ဆိုတဲ့ တိရစ္ဆာန် နေတတ်တဲ့ အနေထားပေါ့ မူတည်ပြီးတော့ လိုက်တယ်။ ဒါပေမယ့် ကိုယ်ထင်ထားတာထက် အဝေးကြီး ရောက်သွားတယ်ဆိုရင်တော့ ဆက်မလိုက်တော့ဘူးတဲ့။ တကယ်လို့ ကိုယ်က အကောင်ပစ်တဲ့အချိန်မှာ သူ့ရဲ့ အကောင်က အကြီးသေးပေါ်မူတည်တယ်ပေါ့။

ဥပမာ တောဝက်တို့ ဝက်ဝံတို့ ကျားတို့ ဆိုရင် ကိုယ့်ကို အန္တရာယ် ပြန်ပြုနိုင်တဲ့ ကောင်မျိုးဆိုရင် ကိုယ့်ဘက်က မပစ်ခင်မှာ ကိုယ်ဘက်က အသာစီးရနေပြီ မြင်ကွင်းရှင်းပြီဆို ပစ်လိုက်လို့ မရဘူး။ ကိုယ့်ဘက်မှာကော ဘာအကာကွယ် ရနိုင်သေးလဲပေါ့။ ဒီသေနတ်တွေက တစ်ခါပစ်ပြီးရင် ကျည်က နှစ်တောင့် ထွက်တာ မဟုတ်တော့ ချက်ချင်းပစ်ဖို့ ခက်ခဲတဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်ဘက် ကြိုတင် ဥပမာ ဓားတွေ တကယ်လို့ ကိုယ့်ကို တစ်ခါတည်း ရန်မူလာရင် ရှောင်ပြေးဖို့ အကာကွယ်ယူဖို့ သစ်ပင်တွေ အနေထားကိုလည်း ကြည့်ရသေးတယ်တဲ့။

ဘာပဲ ဖြစ်ဖြစ် အကောင်တွေ ဘယ်လို အနေထားမှာ တိုက်မယ်ဆိုတာကိုတော့ အတိကျ ပြောလို့ မရဘူးပေါ့။ တစ်ချို့အကောင်တွေကြတော့ ပစ်ပြီးတာနဲ့ သူ့ကိုကောင်းကောင်း မမှန်ဘူးဆိုရင် တစ်ခါတည်း ချက်ချင်း လာတတ်တယ်တဲ့။ ပစ်ကတည်းကိုက တစ်ခါတည်း ပွဲချင်းပြီး သေအောင် တစ်ချက်ကောင်းကိုချိန်ပြီး ပစ်ရတယ်ပေါ့။ ဆိုတော့ ချက်ချင်း သေတာ များတယ်။ ဒါပေမယ့် ကံမကောင်းရင် ပြန်ပြီးတော့ ကိုယ့်ဆီလာတတ်တယ်ပေါ့။ အထူးသဖြင့်တော့ သူက ကုန်းမြင့်မှာ နေထားတယ်။ ကိုယ့်က အောက်နှိမ့်မှာ နေတယ်ဆိုရင် ကိုယ့်ဆီလာတတ်တာ များတယ်။

ရတဲ့ အတောတွင်းမှာဆိုရင်တော့ သွားတဲ့သူတွေက ရတဲ့သူက အကောင်ကို ထမ်းရတယ်ပေါ့နော်။ ပထမဆုံး ပစ်နိုင်တဲ့သူ ရတဲ့သူက အဲအကောင်ကို ထမ်းရတယ်။ သူပစ်တာဆိုတော့ သူကို နည်းနည်းပိုပေးတာ ရှိတယ်။ အခြားဟာတွေတော့ အညီအမျှ ခွဲဝေပေးတယ်ပေါ့။ နောက်ရွာထဲရောက်လာပြီဆိုရင် အိမ်မှာ ထမ်းလာပြီး အဓိက ကိုယ့်အိမ်ရောက်လာရင် အသားတွေကိုတော့ တစ်ချို့ ကိုယ့်ဆွေမျိုးသားချင်းနီးစပ်တဲ့ သူတွေကို တစ်တုံးစီ ဖြစ်ဖြစ် ဝေပေးတယ်။ နောက်ကိုယ့်ရဲ့ အိမ်မှာကတော့ ဒီတစ်ချို့ဟာတွေကို ဘယ်လိုထားမယ်ဆိုတာ အဲလို စီစဉ်ပြီးတော့ ကျပ်ခိုးတင်တာတို့ အဲလို လုပ်ကြတယ်။ ဒီမှာ အဓိကတော့ ရောင်းတာတွေ သိပ်မရှိဘူး။ နောက်တစ်ခုက ခေါင်းထမ်းလာတဲ့ သူတွေကြတော့ ခေါင်းကို မနက်ဖြန်ကြရင် အိမ်နီးနားခြင်းတွေ ခေါ်ပြီးတော့ ချက်ပြုတ် စားသောက်ကြတယ်။ ခေါင်းကိုတော့ ထုံးစံတိုင်းပဲ ချိတ်ထားရတယ်ပေါ့။

ဥပမာကိုယ့်က အသက်ကြီးသွားပြီဆိုရင် ကျွန်တော့်ရဲ့ အဘိုးတွေ ကျွန်တော့် ရဲ့ အဖေက ဒီလောက်ထိ လိုက်နိုင်ခဲ့တယ်။ ကျွမ်းကျင်ခဲ့တာပဲ အကောင်တွေ ဘယ်လောက်ရခဲ့တယ်ဆိုတာကြည့်ကြတယ်။ နောင်တစ်ချိန် ကိုယ်သေသွားခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့ သင်္ချိုင်း ဂူနားမှာ ချိတ်ထားရတယ်တဲ့။ ကိုယ်ရခဲ့တဲ့ အရိုးခေါင်းတွေကိုအိမ်မှာ ချိတ်ဆွဲရတာ ဒီအရိုးကို ကိုယ့်အိမ်မှာ မချိတ်ထားဘူးဆိုရင် နောက်ထပ် အကောင် ပြန်မရတော့ဘူးပေါ့။ ဥပမာ ပထမ တစ်ကောင် နှစ်ကောင် သုံးကောင် ဆိုရင် သုံးကောင်ရတာနဲ့ ကြက်ဖြစ်ဖြစ် သတ်ရတယ်။ ကိုယ့်အိမ်မှာ ရှိတဲ့ အကောင် တစ်ခုခု အကောင်အကြီးတွေရတယ်ဆိုရင်တော့ ဝက်သတ်တာတို့ ဘာတို့ပေါ့နော်။ အဲလို လုပ်ရင် အကောင် ချက်ချင်း ပြန်ရတယ်ဆိုတဲ့ အယူဆတွေနဲ့ ဘိုးဘွားစဉ်ဆက်ကတည်းက တကယ်လို့ ဒီခေါင်းတွေက အိမ်မှာ မချိတ်ဘူးဆိုရင် အကောင် ဆက်မရတော့ဘူးဆိုတဲ့ အယူဆ ရှိတာပေါ့နော်။ အဲတာကြောင့်မို့လို ချိတ်တယ်။ ကိုယ့်ဘယ်လောက် ရခဲ့တယ်ဆိုတာ အဲဒါကိုကြည့်ပြီးတော့ ပြန်သိရတာပေါ့။

(နောက်တစ်ပါတ် ဆက်ရန်ရှိပါသည်။)

Mizzima Weekly