နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A.Wood နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း U.S Mission to the UN တွစ်တာစာမျက်နှာတွင် ထုတ်ပြန်ထားသည်။

•    ကျင်းပနေဆဲ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အပါအဝင် တာဝန်ရှိသူများ၏ ပြောကြားချက် ၊ ရှုတ်ချမှုများ နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ လုပ်ဆောင်ရန် တောင်းဆိုချက်များ အရှိန်မြင့်လာကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက စစ်ဘေးရှောင် ပြည်သူများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စု ၆၀၀ ကျော်အတွက် ဆန် နှင့် ဖိနပ် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

•    မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်မှထုတ်၍ ပစ်ခတ်သတ်ဖြတ်မှုများသည် အကြောက်တရားဖြင့် ပြည်သူကို ပိပြားစေရန် စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်သော ရက်စက်ယုတ်မာသည့် လုပ်ရပ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ရှုတ်ချလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင် ၉ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၉ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၉ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း ပျူရွာက အကြမ်းဖက် စစ်အုပ်စုကို ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီခန့်က မောင်းသူမဲ့ လေယာဉ်ဖြင့် ဗုံး ၇ လုံး ကြဲပြီး ၆၀ မမလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ဂိုထောင် နှင့် စစ်ရေးပစ်မှတ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု KLG PDF က သိရသည်။

•    စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာအနီးတွင် ဇူလိုင် ၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MRDA စေတန်တပ်ခွဲထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီး နှင့် စစ်ကောင်စီတပ်သားများကို ဇူလိုင် ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီဂိတ်အနီးရှိ မိုင်တဲဖုန်းတာဝါတိုင် နှင့် အမှတ် ၁၀ တပ်တို့ကို ဇူလိုင် ၇ ရက်၊ ညနေ ၅ နာရီခန့်က PDF ၃ ဖွဲ့ ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာတွင် PDF ရဲဘော် တစ်ဦး နှင့် ပြည်သူ ၃ ဦးကို စစ်တပ်က ဇူလိုင် ၆ ရက်က မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၈၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ စစ်သားစုဆောင်းရေးတပ် စခတ အမှတ် ၁၀ ကို ဇူလိုင် ၅ ရက်၊ နံနက် ၄ နာရီခွဲခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာမှ ပြည်သူ ၃၀ ကျော်ကို ဇူလိုင် ၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်တပ်က ရွာထဲ၌ ဖမ်းဆီးထားပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး ထားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

•    ပဲခူးတိုင်း၊ ရေတာရှည်မြို့ပေါ်ရှိ လဝကရုံးကို ဇူလိုင် ၇ ရက်၊ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Daung Minn Thar –Yedashe PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    တောင်ကိုရီးယားနိုင်င၊ ဖျောင်းထက်မြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ နှင့် ထောက်ပို့ အဖွဲ့အစည်းများ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၉ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ချင်းပြည်နယ်၊ မင်းတပ် နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့နယ်သို့ ဆက်သွယ်ထားသည့် ကျောက်ထု-မင်းတပ် လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်) (CDF-Mindat) တပ်ဖွဲ့ထံမှ သိရသည်။

•    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီတာကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဇူလိုင် ၈ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း CNA တပ်ဖွဲ့ထံမှ သိရသည်။

•    ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ပေါ်၌ ဇူလိုင် ၈ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က CDF-Mara တပ်ဖွဲ့ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Chinland Defense Force (Mara) တပ်ဖွဲ့ထံမှ သိရသည်။

•    ပိုမိုအားကောင်းစွာ စစ်ဆင်နိုင်ရန်အတွင် ကရင်နီ၏ “မောင်း ၁၀၀ ” ကမ်ပိန်းပရောဂျက်ကို ပြည်သူအားလုံး ပါဝင်ပေးကြရန် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဖိတ်ခေါ်လိုက်သည်။

•    စစ်ကောင်စီ၏ နေပြည်တော်ကို တန်ပြန်ထိုးစစ်အတွက် စစ်ဆင်ရေးများ ပြင်ဆင်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချစစ်စခန်းများကို ဇူလိုင် ၈ ရက်၊ နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်က တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစု များ နှင့် သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။

•    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့ရှိ ရဲစခန်း နှစ်ခု နှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    ကရင်ပြည်နယ်တွင် ယခုနှစ် ၆ လတာတိုက်ပွဲများအတွင်း စစ်တပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စုစုပေါင်း စစ်သား ၂၆၃၂ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

•    ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဦးမင်းဇေသန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဝါရာဇွပ်ပြည်သူ့စစ်၏ ဒုတိယစစ်ဦးစီးချုပ် ဦးညီဇော်ရှိန်း အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA တပ်ဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

•    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) (ABSDF) က ချင်းတွင်းဒေသ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် ၂ သင်တန်းဆင်းပွဲကို ယနေ့ ဇူလိုင် ၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ

•    သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကောင်းဇာနည်ဟိန်း (ခ) လပြည့်ဦး (ခ) ကောင်းကောင်း (၂၃ နှစ်) နှင့် ကျော်သူရ (ခ) အီးတီ (၃၀ နှစ်) တို့သည် ဇူလိုင် ၆ ရက်၊ နံနက်ပိုင်းက သိုဝှက်ထားသည့် လက်နက်ခဲယမ်းများ လိုက်လံပြသနေစဉ် ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

•    အကြမ်းဖက် မင်းအောင်လှိုင် နှင့် တွေ့ဆုံရန် ထိုင်းဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်သို့ နေ့ချင်းပြန် လာရောက်ကြောင်း သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

•    အကြမ်းဖက် စစ်ကောင်စီက သွင်းကုန်လိုင်စင် နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုများ အားလုံးကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ ထိပ်တန်း ဗိုလ်ချုပ်များနှင့် ရင်းနှီးသော စီးပွားရေးသမားများ နှင့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်များထံ လာဘ်ထိုး၍ သွင်းကုန်လိုင်စင် နှင့် အမေရိကန်ဒေါ်လာသန်းချီ ဝယ်ယူခွင့် လိုင်စင်ရရှိလျက် ရှိကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းထံမှ သိရှိရချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

•    မြန်မာနိုင်ငံ၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန် ၃ နှစ်မှ ၇ နှစ်ထိ ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

•    ယခုဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိထားသည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

•    ပို့ကုန်ရငွေ ဝင်ရောက်ရမည့် ရက်ကို ၇ ရက်အစား ၁၅ ရက် နှင့် ပို့ကုန်အတွက် အာမခံကြေးကို မြန်မာ ကျပ်ငွေဖြင့် သက်ဆိုင်ရာ နယ်စပ်ဈေးကွက်ပေါက်ဈေးအတိုင်း ပေးသွင်းနိုင်သည်ဟု ပြင်ဆင် သတ်မှတ် လိုက်ကြောင်း စစ်ကောင်စီ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်၊ သွင်းကုန် နှင့် ပတ်သက်သည့် သတင်းလွှာ (၁၃/၂၀၂၃) တွင် ဖော်ပြထားသည်။

•    နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုထားပြီး ဖြစ်သည့် ခူမီးအမျိုးသားပါတီအနေဖြင့် ဇူလိုင် ၇ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားလာခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

•    ၂၀၂၃ ခုနှစ် ဇွန်လထိ ကညနတွင် မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး (EV) အစီးရေ ၃၂၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကညန ထံမှ သိရသည်။

ဇူလိုင် ၉ ရက် သုံးသပ်ချက်

•    စစ်ကောင်စီသည် အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံ လူငယ် နှစ်ဦးကို သက်သေခံ လက်နက်ခဲယမ်းများ လိုက်ပြနေစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့သည်ဟု လိမ်လည် သတင်းထုတ်ပြန်သော်လည်း မြေပြင် သိရှိသူများ၏ ပြောဆိုချက်အရ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

•    စစ်ကောင်စီက သွင်းကုန်လိုင်စင် နှင့် ဒေါ်လာသုံးစွဲမှုများကို ထိန်းချုပ်ထားသော်လည်း စီးပွားရေးသမားများက လုပ်ပိုင်ခွင့်ရ စစ်ကောင်စီ ဗိုလ်ချုပ်များထံ လာဘ်ထိုးပြီး သွင်းကုန်လိုင်စင်များ ထုတ်ပေးနေသည်ကို ကြည့် ပါက အဂတိလိုက်စားမှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required