လူ ၂၇၅ ဦး သေဆုံးခဲ့ရသည့် အိန္ဒိယရထားတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရထားအရာရှိ ၃ ဦးကို ဖမ်းဆီး

လူ ၂၇၅ ဦး သေဆုံးခဲ့ရသည့် အိန္ဒိယရထားတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရထားအရာရှိ ၃ ဦးကို ဖမ်းဆီး
Photo-AFP

အိန္ဒိယအာဏာပိုင်များသည် နိုင်ငံသမိုင်းတွင် လူအသေအပျောက်အများဆုံးသော ရထားတိုက်မှုဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် မီးရထားအရာရှိသုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့က မီးရထားဌာန အရာရှိသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရို (CBI) က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဇွန်လ ၂ ရက်က နိုင်ငံအရှေ့ပိုင်း ဩရိဿပြည်နယ်၌ ခရီးသည်တင် ရထားနှစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ပါဝင်သော ရထားလမ်းသုံးလမ်းတွင် ဖြစ်ပွားသည့် ရထားတိုက်မှုဖြစ်စဉ်ကြောင့် လူ ၂၇၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီးနောက် ယခု ဖမ်းဆီးထိန်းသိမ်းမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရထားတိုက်မှုဖြစ်စဉ်ကြောင့် ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံးနိုင်ငံရှိ ကျယ်ပြောကြီးမားပြီး သက်တမ်းကြာမြင့်နေသည့် ရထားလမ်းကွန်ရက်၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်စေခဲ့သလို ရထားတိုက်မှုဖြစ်စဉ် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ဖော်ထုတ်ရေး အဆင့်မြင့်လယ်ဗယ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပေါ်ပေါက်စေခဲ့သည်။

ရထားလမ်း အချက်ပြမှုစနစ် ချွတ်ယွင်းမှုတစ်ခုကြောင့် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည် ဆိုပြီး ကနဦး စုံစမ်းစစ်ဆေးမှုများက ညွှန်ပြသည်။ သို့သော် ယင်းတို့မှာ နည်းပညာ ချွတ်ယွင်းမှုများကြောင့် သို့မဟုတ် လူသားအမှားကြောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ပေါ့လျော့သည်ဟု စစ်ဆေးတွေ့ရှိသည့် မည်သူ့ကိုမဆို တာဝန်ခံခိုင်းမည်ဟု အစိုးရတာဝန်ရှိသူများက ပြောထားသည်။

“ကျွန်တော်တို့ဟာ ဒီဖြစ်စဉ်ကြောင့် သေဆုံးသွားကြရတဲ့ သူတွေကို ပြန်ရှင်အောင်လုပ်ပေးလို့ မရနိုင်ဘူး ဆိုပေမယ့် အစိုးရအနေနဲ့ ဝမ်းနည်းပူဆွေးကြရတဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ်တူ ခံစားရပါတယ်” ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဖြစ်စဉ်ဖြစ်ပြီးနောက်များမကြာမီ အဆိုပါ ဘေးဒုက္ခဆိုးဖြစ်ရာ နေရာသို့ သွားရောက်ခဲ့ချိန်တွင် ပြောသည်။

“အစိုးရအတွက်တော့ ဒီ ဖြစ်စဉ်ဟာ အင်မတန်ကို ကြီးလေးပြင်းထန်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိသူ ဘယ်သူမဆို ကြီးလေးစွာ အပြစ်ပေးခံရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်သည် အီလက်ထရောနစ် ချိတ်ဆက်မှုတစ်ခုတွင် အပြောင်းအလဲတစ်ခုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် “မည်သူ့တွင် တာဝန်ရှိသလဲ” ဆိုသည်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ်ဖြင့် ပြသလိမ့်မည် ဖြစ်ကြောင်း မီးရထားဝန်ကြီး အာရှ်ဝ်နီ ဗိုင်ရှ်နောက ပြောသည်။

ဖြစ်စဉ် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းနှင့် တာဝန်ရှိသူများကို ခွဲခြားဖော်ထုတ်ထားပြီးဖြစ်ကြောင်း ၎င်းက အစောပိုင်းက ပြောသော်လည်း ယင်းနှင့်ပတ်သက်ပြီး အသေးစိတ် ပြောကြားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required