လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

By KMN  (မဇ္ဈိမ)
09 July 2023
လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ယမန်နေ့  ဇူလိူင်လ ၈ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကောင်စီ တပ်စခန်းရှိရာ ဖွန်းပန်ဘွမ်ဘက်မှ လိုင်ဇာမြို့အနီးကို ယမန်နေ့ မနက်ပိုင်းနှင့် ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"အလင့်တောင်ပေါ် က ချုံတောထဲမှာကျတာလို့သိရတယ်။ လိုင်ဇာနဲ့ တော်တော်တော့ ဝေး တယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောကြားသည်။

လိုင်ဇာမြို့နယ်ရှိ အလမ့်ဘွမ် စိုက်ပျိုးရေးကျောင်းအနီးသို့ လက်နက်ကြီးတစ်လုံးကျရောက်ခဲ့ကြောင်း သိရပြီး အတည်ပြုနိုင်ခြင်း မရှိသေးသလို KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

စစ်ကောင်စီက လိုင်ဇာမြို့ဝန်းကျင်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ မဒီယာန်ကျေးရွာအနီးတွင် အင်အား ၂၀၀ နီးပါးပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင်တိုက်ပွဲဖြစ်ပွား‌ေကြာင်း ဒေသခံထံက သိရသည်။

ယမန်နေ့ ည ၈ နာရီ အချိန် ခန့်တွင်လည်း ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ ဘန်ဒေါင်လမ်းခွဲအနီးတစ်ဝိုက်သို့  စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲသွားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တည်ရှိသည့် နန်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်နေခြင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ စစ်ရေးတင်းမာနေပြီး ဒေသခံ ၁,၀ ၀၀ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဇူလိူင်လ ၈ ရက်နေ့ တစ်ရက်ထဲတွင် ဖားကန့်မြို့နယ် ၊ လီဒိုလမ်းမရှိ ရှဒူးဇွပ်ကျေးရွာ၊ လိုင်မောက်ယန်ကျေးရွာနှင့် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအနီး မိုင်ဆတ်ပါ ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly