ရခိုင်တွင် ရေစီးဖြင့် မျှောပါသွားသော အဆောက်အအုံ တစ်ခုအတွက် ကျပ်တစ်သိန်းစီ ပြည်နယ် အစိုးရထောက်ပံ့မည်

ရခိုင်တွင် ရေစီးဖြင့် မျှောပါသွားသော အဆောက်အအုံ တစ်ခုအတွက် ကျပ်တစ်သိန်းစီ ပြည်နယ် အစိုးရထောက်ပံ့မည်
 ရေကြီး ဓာတ်ပုံများ (ဓာတ်ပုံ သံတွဲ လူမှုကွန်ရက်)

ရန်ကုန် ၊ဇူလိုင် ၁ ။     ။ ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုများကြောင့် ရေစီးနှင့်မျှောပါသွားသော အိမ်ထောင်စုများရှိရာ တစ်အိမ်လျှင် ကျပ်ငွေ တစ်သိန်းစီ ပြည်နယ်အစိုးရ လူမှုကူညီရေးကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန မှ ထောက်ပံ့မည် ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့က မြို့နယ် အသီးသီးသို့ စစ်ဆေးရန် သွားရောက်နေခြင်းဖြစ်ပြီး တွေ့ရှိချက်များကို အစိုးရ အဖွဲ့အစည်းအဝေးတွင်တင်ပြပြီး လိုအပ်သည့် အကူအညီများကို ပံ့ပိုးပေးရမည်ဖြစ်သည်။

 ရခိုင်ပြည်နယ် သံတွဲနှင့်တောင်ကုတ်မြို့နယ်များသို့ သွားရောက် စစ်ဆေးခဲ့သူ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက  "လောလောဆယ်တော့ ရေထဲပါသွားတဲ့ အိမ်တစ်လုံးကို တစ်သိန်းစီ ထောက်ပံ့ကြေး ပေးဖို့ခွင့်ပြုထားတယ် "ဟု ဆိုသည်။

 ရခိုင်ပြည်နယ် သံတွဲ မြို့နယ် ဒါ၀ ကျေးရွာတွင်  လေဆင်နှာမောင်းတိုက်ခိုက်ပြီး အိမ်ခြေ ၉၁ အိမ် မှာ ပျက်စီးဆုံးရှုံးသွားသည် ဟု သံတွဲမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူကဆိုသည်။

 ထို့ပြင်  အမ်းမြို့နယ်တွင် ပျက်စီးဆုံးရှုံးသွားသော အိမ်ခြေ ၁၁၇ လုံးရှိပြီး ဒုက္ခသည် ၄၀၀ ကျော်ရှိသည် ဟု အမ်းမြို့နယ် လူမှုကူညီရေးအဖွ့ဲတစ်ခုကဆိုသည်။

အမ်းဒေသခံ ဦးအောင်ကိုဦး (AELC ) က  "အခုလောလောဆယ်မှာ ရေက အဓိက အခက် အခဲဖြစ်နေပြီးတော့ ကျန်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်ယူ လုပ်ကိုင်ရမှာ ဖြစ်ပါတယ် "ဟု ဆိုသည်။

သဘာဝဘေးအန္တာရယ်များကြောင့် အသုံးပြုရမည့် ငွေပမာဏ ကို ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွက် သန်း ငါးထောင် ခွင့်ပြုထားသည်။

ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး သံတွဲ -တောင်ကုတ်မြို့နယ် သို့ဒေါက်တာ အောင်ကျော်မင်း၊ အမ်းမြို့နယ် သို့ လမ်းပန်းဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးလှဟန်၊ ဘူးသီးတောင် မြို့နယ်သို့ စည်ပင်ဝန်ကြီး ဦးမောင်စံရွှေ၊မောင်တောမြို့နယ်သို့ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးကျော်ခင်တို့ သွားရောက်နေခြင်းဖြစ်သည်။

 ဘူးသီးတောင်မြို့မှ ဦးရှရဒ်က "ဘူးသီးတောင်နဲ့ စစ်တွေဆက်ထားတဲ့တံတားပျက်စီးသွားတဲ့ အတွက် ခရီးသွားလာရေး အခက်အခဲဖြစ်နေတယ်"ဟု ပြောသည်။

 ဂွ-သံတွဲ-တောင်ကုတ် လမ်းပိုင်တွင်အရေးပေါ် ပြင်ဆင်ရန်လို အပ်သည့် တံတား ငါးခု ရှိပြီး ထိုတံတားများမှာ ဖွင့်လှစ်စ တံတားများ၊ နှင့်ဆောက်လုပ်ဆဲ တံတားများဖြစ်သည်ဟု ဒေါက်တာအောင်ကျော်မင်းက  ပြောသည်။

၎င်းက "ရေတံခါးတွေ ၊တံတားတွေပြီးတော့ ကမ်းနားရပ်ကွက်တွေကို ရေတိုက်စားတာတွေ  မဖြစ်မနေ ပြင်ရမယ် မြန်မြန်မလုပ် ရင် ပိုပြီးဆိုးလာနိုင်တယ်၊"ဟုလည်း သုံးသပ်သည်။

 ရခိုင်ပြည်နယ် -ရန်ကုန် ကားလမ်းများကိုလက်ရှိအခြေအနေ ထိ ပိတ်ထားရဆဲဖြစ် သည်။ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေ ရသော ရေဘေးသင့်သူများကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ယာယီ ကယ်ဆယ်ရေးစခန်းများဖွင့်ကာ ကူညီမှု များပြုလုပ်လျှက်ရှိသည်။

 သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီအဖွဲ့ဝင်ဦးမောင်ပုက" ရပ်ကွက် အုပ်ချုပ်ရေးမှုးက အိမ်တွေပြန်ပြင်ဖို့ သံဖြူပေးမယ်လို့ကြား တယ် ပေးတော့မပေးသေးဘူး။ ဝန်ကြီးတွေလာတယ် တော့ပြောတယ် ဘာတွေအကူအညီပေးလည်းဆိုတာ သတင်းထုတ်ပြန် တာ မရှိသေးဘူး"ဟုဆိုသည်။

 ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ရေဘေးသင့်ပြည်သူများ ထိခိုက်နစ်နာမှုများ နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များဖြစ်ပေါ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly