တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ငွေပေးရသည်မှာ ယာဥ်စီးခ ကျသင့်ငွေ၏ နှစ်ဆမှ သုံးဆအထိ ရှိနေကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
ထားဝယ်-မြိတ်-ကော့သောင်း ခရီး၊ ပြည်ထောင်စု လမ်းမကြီး လမ်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ထိုသို့ ငွေကောက်ခံနေခြင်းဖြစ်ကြောင်း ခရီးသွားများက ဆိုသည်။
ထားဝယ်မှ ကော့သောင်းသို့ သွားသည့် ခရီးသည် အမျိုးသား တစ်ဦးက“မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ပြီး မြန်မာနိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာမရတာတော့ မကျေနပ်ဘူး။ ခရီးသွားရာမှာ ငွေခင်းပြီးမှ သွားနေရတာက လုံး၀ အဆင်မပြေဘူးတဲ့ ကိစ္စတစ်ခုပါ ။ ဂိတ် တစ်ဂိတ်ကို လူတစ်ဦး ကျပ် ၃,၀၀၀ ကနေ ၃၀,၀၀၀ ထိ ပေးနေရတယ်”ဟု ပြော သည်။
ထားဝယ်မှကော့သောင်းအထိ ခရီးသည် တစ်ဦးလျှင် ကားခ ငွေကျပ် ၇၀,၀၀၀ ခန့်နှင့် မြိတ်မှ ကော့သောင်းအထိ ကားခ ငွေကျပ် ၃၅,၀၀၀ ခန့် ကျသင့်ကြောင်း သိရသည်။ ထိုလမ်းခရီးတစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေး ဝါးတားဂိတ် ခေါ် ဝါးလုံးတန်း တားကာ စစ်ဆေးသည့် ဂိတ် အရေအတွက် ၃၀ နီးပါးရှိပြီး ခရီးစဥ်တစ်လျှောက် ပေးဆောင်ရသည့် ဂိတ်ကြေးမှာ တစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ရှိကြောင်း ခရီးသည်များက ပြောသည်။
“ဟုတ်ပါတယ်။ ဂိတ်ကြေးက လူပါ ပေးရတာ မဟုတ်ဘူး။ ခရီးသည်တင်ကားရော ကုန်ကားတွေပါ ပေးရတယ်” ဟု ရီးသည်တင် ယာဉ်လိုင်းပြေးဆွဲနေသူ ယာဉ်မောင်း တစ်ဦးက ပြောသည်။
စစ်ကောင်စီအာဏာမသိမ်းခင်က လမ်းခရီးတစ်လျှောက် လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးသာ ပေးရသော်လည်း လက်ရှိတွင် ခရီးသည်များ ကဲ့သို့ ဂိတ်တစ်ဂိတ်လျှင် ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ယာဥ်မောင်းများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ စစ်ဆေးရေးဂိတ်
# တနင်္သာရီတိုင်း