ရန်ကုန် အပါအဝင် တိုင်းဒေသ ၄ ခုတွင် ရုရှားက သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်ဟုဆို

ရန်ကုန် အပါအဝင် တိုင်းဒေသ ၄ ခုတွင် ရုရှားက သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်ဟုဆို

ရုရှားကုမ္ပဏီများနှင့် ပူးတွဲဆောင်ရွက်မှုဖြင့် ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် သဘာဝဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသည်။

စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဦးလှမိုးသည် ရုရှား၏ Ross Congress ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် LLC Souznedra ၏ ဥက္ကဋ္ဌ မစ္စတာ အာတမ်မီ အလီမော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဇူလိုင် ၃ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အသေးစား mobile မြေဩဇာစက်ရုံသုံးခု တည်ဆောက်ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးခဲ့ကြသလို နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနှင့် မကွေးတိုင်းတို့၌ သဘာဝဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်ခြင်းအတွက် နည်းလမ်းများ၊ နည်းပညာနှင့် ပူးတွဲ လည်ပတ်လုပ်ဆောင်ရေး ပရိုဂရမ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ဓာတ်မြေဩဇာထုတ်စက်ရုံလေးခုကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ Express of Interest (EOI) များ ဖိတ်ခေါ်ထားသည်။ ထို စက်ရုံလေးခုမှာ အမှတ် ၁ ဓာတ်မြေဩဇာစက်ရုံ (စလေ) ၊ အမှတ် ၂ ဓာတ်မြေဩဇာစက်ရုံ (ကျွန်းချောင်း) ၊ အမှတ် ၄ ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) နှင့် အမှတ် ၅ ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) တို့ ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့် ဓာတုမြေဩဇာ ဈေးနှုန်းများသည် ယမန်နှစ်နှင့် ယှဉ်ပါက ဈေးကွက်တွင် အနည်းငယ် ကျဆင်းထားခဲ့သော်လည်း စိုက်ပျိုးထွန်ယက်ချိန်ကာလတွင် ဈေးနှုန်းများ မြင့်တက်မည်ဟု အချို့က ခန့်မှန်းသည်။

နိုင်ငံတွင် စိုက်ပျိုးရေး ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကုမ္ပဏီ ၅၉၀ ခုက မြေဩဇာတင်သွင်းမှု လိုင်စင်များ လျှောက်ထားခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မြေအသုံးချရေးဌာနခွဲထံမှ သိရသည်။

မြန်မာသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဓာတုမြေဩဇာ မက်ထရစ်တန် ၂ ဒသမ ၂ သန်းကျော် တင်သွင်းခဲ့ပြီး ယင်းတို့အနက် အများစုသည် နိုက်ထရိုဂျင်၊ ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly