ဖားကန့်မြို့က ရှင်းရင်ဟိုတယ်ပိုင်ရှင် အသတ်ခံရ

By အဂမ် (မဇ္ဈိမ)
09 July 2023
ဖားကန့်မြို့က ရှင်းရင်ဟိုတယ်ပိုင်ရှင် အသတ်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့ ၊ ဆိပ်မူရပ်ကွက်ရှိ ရှင်းရင်ဟိုတယ် ပိုင်ရှင်ဖြစ်သူ၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၉ရက်တွင် ဆိုင်းတောင်ရွာဟောင်းလမ်းဆုံအကျော်တွင် ပြန်တွေ့သည်ဟု ဒေသခံထံက သိရသည်။

“ဒီနေ့မနက်မှာတော့ ဒဏ်ရာနဲ့သေဆုံးနေတဲ့ ဒေါ်ဖြူဖြူသန့် ရုပ်အလောင်းကို ဒေသခံတွေက တွေ့ခဲ့ရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဟိုတယ်ပိုင်ရှင် ဒေါ်ဖြူဖြူသန့် ဆိုသူအား ဇူလိုင် ၈ ရက် ညပိုင်းက အမည်မသိလူတစုက ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ယနေ့မနက်ပိုင်းတွင် သေဆုံးနေသည့်ရုပ်အလောင်းကို ပြန်တွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရှင်းရင်ဟိုတယ်၏ ပိုင်ရှင်ဖြစ်သူ အသတ်ခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မေလအတွင်းက ရှင်းရင် KTVကို  စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် KIA နှင့် ပတ်သတ်ဆက်နွယ်သူများ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိသည်ဟုလည်း သိရသည်။

ဖားကန့်ဒေသတွင်  ပြီးခဲ့သည့် ဇွန်လကလည်း ဆိပ်မူရပ်ကွက်(၂)ရှိ သံယောဇင်နန်းတော် KTV နှင့် တည်းခိုခန်းပိုင်ရှင် မသီတာဆိုသူ သတ်ဖြတ်ခံခဲ့ရပြီး ရွှေ၊ ငွေ နှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်ခံရသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#ရှင်းရင်ဟိုတယ်
#သေမှုသေခင်း

Photo -ရှင်းရင် KTV and Hotel
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly