သာယာဝတီခရိုင်တွင် ဇူလိုင်လပထမပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ

By ရွှေနွယ် (မဇ္ဈိမ)
09 July 2023
သာယာဝတီခရိုင်တွင် ဇူလိုင်လပထမပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း၌ ဇူလိုင်လ ပထမပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

သာယာဝတီခရိုင်အတွင်းရှိ မင်းလှ၊ သာယာဝတီ၊ လက်ပံတန်းနှင့် နတ်တလင်းမြို့နယ်တို့မှ ဒေသခံများ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

“သူတို့(စစ်ကောင်စီ)က ဒီပြည်သူတွေဟာ PDF နဲ့ NUG ကို ထောက်ပံ့နေတယ်၊ ကူညီနေတယ်ဆိုတဲ့ အပြစ်နဲ့ဖမ်းနေတာ။ အခြား ဘာအကြောင်းမှရှိလို့ မဟုတ်ဘူး။ အဖမ်းခံရတာ အမျိုးသားတွေရော အမျိုး သမီတွေရော” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ ဇူလိုင်လ ၁ ရက်နေ့တွင် မင်းလှမြို့နယ် ဇရစ်မြောင်ကျေးရွာမှ ဒေသခံသုံးဦး၊ ဇူလိုင် လ ၂ ရက်နေ့ ညပိုင်းတွင် သာယာဝတီမြို့နယ် ဂရံသာယာအေးရွာမှ ကိုချစ်ကို၊ ဇူလိုင်လ ၃ ရက်နေ့ ည ပိုင်းတွင် လက်ပံတန်းမြို့နယ် အောင်မင်္ဂလာရွာမှ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ မဝတ်ရည်စိုး၊ ဦးမြင့်ကြိုင်နှင့် ၎င်း၏သားဖြစ်သူ၊  ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် လက်ပံ တန်းမြို့နယ် ဇီးဖြူကုန်းတိုက်နယ်ဈေးမှ အမျိုးသမီးငါးဦးနှင့် ရွာကလေးကျေးရွာမှ ပြည်သူသုံးဦးနှင့် ဇူလိုင်လ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နတ်တလင်းမြို့နယ် တာပွန်မြို့ အလယ်ပိုင်းရပ်ကွက်မှ မသိင်္ဂီကျော်တို့ဖြစ်သည်။

“ချစ်ကို ကိုလာဖမ်းတုန်းက မင်းလှရဲတပ်ဖွဲ့က လာဖမ်းသွားတာ။ ခေါင်းကိုလည်းစွပ်တယ်၊ လက်ထိပ် နောက်ပြန်ခတ်တယ်။ သာယာဝတီရဲတွေတောင် မသိဘူးပြောတယ်။ ဘာကြောင့်ဖမ်းတယ်ရယ်လည်း မသိဘူး။ ခုထိလည်း သူ့သတင်းမကြားရသေးဘူး” ဟု သာယာဝတီမြို့ခံတဦးက ပြောသည်။

ဖမ်းဆီးခံရသူများအနက် မင်းလှမြို့နယ်မှနှစ်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ကြားသိရသော်လည်း ကျန်ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေအား မသိရှိရသေးကြောင်း ဆိုသည်။

“အဖမ်းခံရတာ ဒီစာရင်းဆိုတာ ကျွန်တော်တို့လည်း အတိအကျသိရပြီး အတည်ပြုပေးနိုင်တဲ့ စာရင်းပေါ့။ ဒီစာရင်းအပြင် အဖမ်းခံထားရတာတွေလည်းရှိသေးတယ်။ ကျွန်တော်တို့ခန့်မှန်းဆို အယောက် ၃၀ လောက်ရှိမယ်။ အတိအကျ နာမည်နဲ့ရွာနဲ့ ဖော်ပြလို့မရလို့သာ စာရင်းမပေါ်တာပါ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အရပ်သားပြည်သူအများအပြား ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အကြောင်းအရင်းအားသိရှိနိုင်ရန် မဇ္ဈိမမှ မင်းလှမြို့ရဲစခန်းနှင့် နတ်တလင်းမြို့ရဲစခန်းတို့၏ ရုံးဖုန်းနံပတ်များသို့ခေါ်ဆိုခဲ့ရာ ဖုန်းဝင်သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အတွင်း စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဟုဆိုသူ ကိုဦးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သတ်ဖြတ်ခဲ့သည်။

ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် အရပ်သားများအား စစ်ကောင်စီတပ်နှင့် ရဲတို့မှ လိုက် လံဖမ်းဆီးခြင်း၊ ရန်ကုန်−ပြည်လမ်းမှ ခေတ္တပိတ်သိမ်းထားသော စစ်ဆေးရေးဂိတ်များအား ပြန်လည်ဖွင့် လှစ်ခြင်းနှင့် လုံခြုံရေးတင်းကြပ်ခြင်းများ လုပ်ဆောင်လာသည်ဟု ဒေသခံများကပြောကြားသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ပဲခူးတိုင်းအနောက်ခြမ်း
#သာယာဝတီခရိုင်
#အရပ်သားဖမ်းဆီးခံရမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly