YBSယာဉ်လိုင်းများ CNG မရသည့်အတွက် အခက်ကြုံ

YBSယာဉ်လိုင်းများ CNG မရသည့်အတွက် အခက်ကြုံ

ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် YBSယာဉ်လိုင်းများ CNG မရသည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများထံက သိရသည်။

‘’ကျွန်တော်တို့တွေ ဂက်စ်ဆိုင်မှာ ကားတန်းစီတာ တစ်ညလုံးနီးပါးပဲ။ မင်္ဂလာဒုံ၊ ပုလဲဂက်စ်ဆိုင်ကနေ တန်းစီလိုက်တဲ့ကားတန်းက အမှတ်(၃)လမ်းဆုံထိ ရောက်တယ်။ပြီးတော့ယာဉ်လိုင်းတွေအားလုံးက တန်းသာစီနေရတာ ဂက်စ်ရမလား၊ မရလားလည်း မသိဘူး"ဟု မင်္ဂလာဒုံမြို့နယ်အတွင်းရှိ YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရုံးဆင်း၊ရုံးတက်အချိန်များတွင် YBS ယာဉ်လိုင်းများ ဂက်စ်မရသည့် အခြေအနေပြန်လည်ကြုံတွေ့နေရသဖြင့် ယာဉ်လိုင်းများ ယာဉ်အစီးရေ အပြည့်မထွက်နိုင်ကြောင်းလည်း သိရသည်။

‘’အခုကမိုးတွင်းကာလဆိုတော့ အရင်ကလို မီးလည်းသိပ်မပျက်တော့ဘူး။ ဘာကြောင့်ဂက်စ်ဆိုင်တွေမှာ ကားတွေတန်းစီနေရတာလဲဆိုရင်တော့ ဂက်စ်ဝယ်ဖို့ဒေါ်လာမရှိလို့ ပြောကြတယ်။ အမေရိကန်ကနေ စစ်အစိုးရဘဏ်တွေကို ပိတ်လိုက်တော့ ဂက်စ်ဝယ်မရတော့ဘူးလို့ ပြောကြတာပဲ’’ဟု ယာဉ်မောင်းတစ်ဦးက မှတ်ချက်ပြုပြောသည်။

ဇူလိုင်လ ၅ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ် ၊ ပုလဲ CNG ဂက်စ်ဆိုင်တွင် YBS ၁၁၉ယာဉ်မောင်းနှင့် YBS၂၉ယာဉ်မောင်းတို့ ဂက်စ်ဖြည့်ရန်စောင့်ဆိုင်းနေစဉ် ယာဉ်မောင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ ဓားထိုးမှု ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ဂက်စ်ဆိုင်တွင် တန်းစီနေသည့် ယာဉ်မောင်းတစ်ဦးထံက သိရသည်။

"အဲဒီမှာကားသမားအချင်းချင်းငြိပြီး(ခိုက်ရန်ဖြစ်ပွား)ဓါးထိုးမှုဖြစ်ကြတာ ‘’ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို မသိရှိရသေး‌ကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့်မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စု၊ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူ ပိတ်ဆို့လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် CNG ဝယ်မရသဖြင့် ဂက်စ်ကားများ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း၌ CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၂ ဆိုင်ရှိသည်ဟုလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#မင်္ဂလာဒုံမြို့နယ်
#CNG
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly