သီးသန့်ခန်း သို့  ဟိုင်းခန်းက “ ပျော်ပျက် ” ခုံမင်သူများ  

By ကီရာ (မဇ္ဈိမ)
09 July 2023
သီးသန့်ခန်း သို့  ဟိုင်းခန်းက “ ပျော်ပျက် ” ခုံမင်သူများ  

ညဘက်ဖွင့်သည့် Night Club များတွင် ပျော်ပါးလေ့ရှိသူများကြား ရေပန်းစားနေသည့် အရာရှိသည်။ ထိုသည်မှာ “  သီးသန့်ခန်း သို့မဟုတ် ဟိုင်းခန်း’ ဟူ၍ပင်။ 

ဟိုင်းသည်  High မြင့်တက်ခြင်း ၊ ဆေးသုံးပြီးနောက် စိတ်လွတ်လပ်ပေါ့ပါးခြင်း၊ လစ်ခြင်း အစရှိသည့် အဓိပ္ပာယ်များဖြစ်ပြီး လူငယ်များ၏ ဘန်းစကားတစ်ခုအနေဖြင့် ဟိုက်မှ ဟိုင်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်ကြောင်း သိရသည်။ 

“ လူတွေက အယောက် ၂၀ ကျော်လောက် ရှိတယ်။ လူငယ်တွေချည်းပဲ အသက်က ၁၆ နှစ် ၁၇နှစ်ကနေ ၂၀ ဝန်းကျင်လောက်လေးတွေ။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့ လာကြတာပေါ့ ။ အခန်းအကျယ်က ၁၀ပေ လောက်ပဲ။  အဲ့မှာ စားပွဲဝိုင်းရှိတယ်။ ထိုင်ဖို့အတွက် ဆိုဖာတွေ ချပေးထားတယ်။ အဲ့ခုံတွေရဲ့အလယ်မှာ ဒီဂျေတီးတဲ့ နေရာရှိတယ်။ ဒီဂျေ သမားနှစ်ယောက်က တစ်လှည့်ဆီ တီးပေးတယ်။  အဲကွန်း နှစ်လုံးဖွင့်ပေးထားတယ်”ဟု ရန်ကုန်မြို့တွင်းရှိ ဟိုင်းခန်းတစ်ခုကို မြင်တွေ့ရပုံကို ကိုမင်းမင်း က ယခုလိုပြန်လည် ပြောပြလာခြင်းဖြစ်သည်။

ဟိုင်းခန်းများကို ဟိုတယ်များ၊ ကေတီဗီများတွင် သီးသန့်အခန်းများ ဌားရမ်းလုပ်ဆောင်ကြပြီး ဗဟန်းမြို့နယ်ရှိ Music Buzz KTV တွင်လည်း ဟိုင်းခန်းများ အလွယ်တကူဌားရမ်းနိုင်ကြောင်း သိရသည်။ ဝင်ကြေးမှာ လူတစ်ယောက်လျှင် ကျပ်၁၀,၀၀၀ မှ ကျပ် ၂၅၀၀၀အထိ ရှိသည်။  ပျော်ပျက်ချင်သူများအတွက် ဟိုင်းခန်းများတွင်   စိတ်ကြွဆေးဝါးဖြစ်သည့် ‘ E“ နှင့် “K “ အပြင် “Happy Water “ ဟုခေါ်သည့် မူးယစ်ဆေးဝါးကိုလည်း ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ဟိုင်းခန်းစီစဥ်သူများက စီစဥ်ပေးထားသည့်အပြင် သုံးချင်သည့် ဆေးများကိုလည်း ကြိုတင်မှာယူထားနိုင်သည်။ 

ခေါင်းခါဆေးဟု နာမည်ကြီးသည့် Ecstasy -MDMA (E) ဆေးပြား၊ မေ့ဆေးအဖြစ် အသုံးပြုနိုင်သည့် Ketamine(K) နှင့် ဓာတ်ပေါင်း ခြောက်မျိုးခန့် ပါဝင်သည့် Happy Water တို့မှာ ဟိုင်းခန်းများတွင် အလွယ်တကူရရှိနိုင်သည်။ 

 E တစ်လုံးလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ရောင်းချကြပြီး ပထမဆုံး စတင်သုံးစွဲမည့်သူများအနေဖြင့် ဆေးလုံးတစ်လုံး၏ သုံးပုံတစ်ပုံ သောက်ရုံဖြင့် လစ် ( စိတ်တက်ကြွ) နိုင်သည်ဟု မူးယစ်ဆေးရောင်းချသူတစ်ဦးက ပြောသည်။ ထို့အပြင် ကတ်တမင်း Kသည်  Snow ၊ Crystal နှင့် Diamond ဟူ၍ အမျိုးအစား သုံးမျိုးရှိပြီး Snowသည်  တစ်ထုပ် ကျပ်ငွေ ၃၀,၀၀၀နှင့် Crystalသည် ကျပ်ငွေ ၅၀,၀၀၀နှင့် မှာ ကျပ်ငွေ ၆၀,၀၀၀မှ ၇၅,၀၀၀အထိ စျေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။ 

“ ဆေးမသုံးခင်ကတော့ နည်းနည်းငြိမ်နေကြတယ်။ သုံးပြီး ၁၅မိနစ် ၂၀မိနစ်အတွင်းမှာ အကုန် ထကကြတာပဲ။ တခြား ဘီယာတွေ အမြည်းတွေ ဘာမှ မမှာကြဘူး။ အဲ့ဒါ တစ်မျိုးပဲ ရှုကြတာ။ တချို့ဆိုရင် နှစ်ခါပြန် သုံးခါပြန်လောက်ကို ဝယ်ကြတယ်။ ကနေကြတာကလည်း မမောတဲ့အတိုင်းပဲ ရေတောင်မသောက်ဘူး။ ဒါပေမဲ့  အရမ်းခုန်ပေါက်နေတာမျိုးလည်း မဟုတ်ဘူး လှုပ်ရွပြီး လွှင့်နေတဲ့ ပုံစံပဲ”ဟု ကိုမင်းမင်းက ဆိုသည်။

ယင်းအခန်းများကို လာရောက်သည့် လူငယ်များသည် ကတ်တမင်း(K)ခေါ်သည့် အဖြူမှုန့်များကို အသုံးများကြပြီး ရောင်းချသူမှ အမှုန့်အဖြူများကို ပိုက်ဖြင့် လာရောက်ချပေးထားကာ  လူငယ်များက ၎င်းတို့၏ဖုန်းများပေါ်တွင် အမှုန့်များကိုတင်ပြီး ပိုက်ဖြင့် ရှုရှိုက်နေကြသည်ကို တွေ့ခဲ့ရကြောင်း ၎င်းက ပြောသည်။

“ပစ္စည်းဝယ်ရတာကတော့ အရမ်းလွယ်တယ်။ကိုယ့်အသိမရှိရင်လည်း အဲ့မှာရှိတဲ့ လူတစ်ယောက်ကို မေးလိုက်တာနဲ့ရတယ်။ပြီးတော့ အဲ့မှာရှိတဲ့ အစ်ကိုတစ်ယောက်ကလည်း Item သုံးဦးမလားဆိုပြီး လိုက်မေးတယ် သူ့ကိုသုံးမယ်ပြောပြီး ပိုက်ဆံပေးလိုက်ရုံပဲ ။ ခဏနေရင် ပစ္စည်းလာပေးတာပဲ”ဟု ဟိုင်းခန်းများအတွင်းရှိ ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကိုမင်းမင်းက ရှင်းပြသည်။

ဟိုင်းခန်းများကို သွားရောက်ပါက အဆိုပါစိတ်ကြွဆေးဝါးများ သုံးစွဲမှသာ အများနည်းတူ ပျော်စရာကောင်းသည့် ခံစားချက်ကို ရရှိနိုင်မည်ဖြစ်ပြီး ဆေးပြယ်သွားသည့်အချိန်တွင်တော့ ဆေးဒဏ်ကို ပြန်လည်ခံစားရကြောင်း အမည်မဖော်လိုသည့် အသက်၂၀စွန်းစွန်း လူငယ်တစ်ဦးကပြောသည်။

“ဆေးသုံးပြီးရင်တော့ အားလုံးနဲ့အတူ လုံးဝလိုက်မျောလို့ ရနိုင်ပေမယ့် အဲ့အချိန် ကိုယ်က ဆေးမသုံးထားရင် ဖွင့်ထားတဲ့ သီချင်းတွေလည်း ခံစားလို့ မရဘဲ ကြောင်တောင်တောင်ကြီး ဖြစ်နေမှာ။ ဒါပေမဲ့ ဆေးပြန်ကျတဲ့အချိန်မှာ ဘာမှလုပ်ချိန်ကိုင်ချိန်စိတ်လည်း မရှိတော့ဘူး။ ဘာမှလည်း မလုပ်နိုင်တော့ဘူး အဲ့လိုမျိုး ဖြစ်သွားတာ။ လူက အိပ်ပဲအိပ်ချင် မှိန်းပဲ မှိန်းနေချင်တော့တာ။ ကနေတုန်းကတော့ ဆေးအရှိန်ကြောင့် သိပ်မသိသာပေမယ့် ပြီးရင်တော့ မအီမသာကြီးပေါ့ ။ အဲ့တော့ နောက်နေ့ဆိုရင် ပင်ပန်းပြီး လူက တနေကုန် ပြန်အိပ်တာပဲ”ဟု ၎င်းက ပြောသည်။

နောက်ထပ် သတိထားရမည့်အချက်မှာ ဆေးအလွန်အကျွံသုံးစွဲမိပြီး အန္တရာယ်ကြုံလာပါက ကူရာမဲ့သည့် အနေအထား ကြုံတွေ့ရနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း အဆိုပါ အနေအထားကို မျက်မြင်ကြုံတွေ့ခဲ့ရဖူးကြောင်း အဆိုပါလူငယ်က ပြောပြသည်။

“ ဆေးတွေဘာတွေ လွန်သွားလို့ တက်သွားရင်တော့ ကိုယ့်အချင်းချင်းပဲ ပြန်ပြီး ကူပေးရတာပေါ့ ။ ဖြစ်လည်းဖြစ်ဖူးပါတယ် အဲ့လိုမျိုးက အချင်းချင်းပဲ အတင်းပြန်နှိုးရတာပေါ့ လုံခြုံရေးတွေ ဘာတွေ သွားပြောပေမယ့်လည်း ဘာမှမလုပ်ပေးကြပါဘူး”ဟု ပြောသည်။

၎င်းနည်းတူပင် အခြား လူငယ်အမျိုးသမီးတစ်ဦးမှာလည်း ဆေးဒဏ်ကို ခံခဲ့ရသည့် အတွေ့အကြုံနှင့် ပတ်သက်၍ ပြန်လည် ပြောပြရာတွင် “kနဲ့ happy water နဲ့ သောက်ဖူးတယ်။အဲ့တုန်းကတော့ အမှုန့်ကို အရည်တစ်ခုခုနဲ့ဖျော်ထားတဲ့ဟာပဲ သံပရာရည်နဲ့ထင်တယ်။ အဲ့ဒါကို စသုံးဖူးတဲ့ အချိန်က ကလပ်ကို ဒုတိယတစ်ခေါက် ရောက်ဖူးတာပေါ့ ။ kကို နှစ်ကြောင်းရှုပြီးတော့ လူက သိပ်မလှုပ် သိပ်တက်မလာလို့ အဲ့မှာ happy water တစ်ခွက်လာတိုက်တော့လည်း လူက စိတ်ကိုတင်းထားလို့လားမသိ ဘာမှမဖြစ်ဘူး။ အဲ့မှာ နောက်ထပ် တစ်ခွက် ထပ်သောက်လိုက်မှ လူက လုံးဝလွှင့်ပြီး မျောပြီး - -ရမ်း ကောင်းနေရောပဲ ။ ဒါပေမဲ့ အဲ့ဒါလုပ်ပြီးတဲ့အချိန်မှာ တစ်ပတ်လောက်ခံလိုက်ရတယ်။ ဆေးခန်းတွေ ဘာတွေ အကြောဆေးတွေပါ ထိုးလိုက်ရတယ် ပထမဆုံး လုပ်တဲ့အချိန်မှာ အရမ်းများသွားတာကြောင့်လို့တော့ ပြောကြတာပါပဲ”ဟု ပြောသည်။

ပျော်ပျက်လိုကြသည့် လူငယ်များအတွက် ဟိုင်းခန်း၏ အားသာချက်တစ်ခုမှာ မှတ်ပုံတင်ကဲ့ သို့ အသက် သက်သေခံကတ်ပြား ပြသစရာမလိုခြင်းနှင့် မည်သည့်အသက်အရွယ်မဆို အထောက်အအထားမရှိ အလွယ်တကူ ဝင်ရောက် သွားလာနိုင်ခြင်းပင်ဖြစ်သည်။ ထို့အတွက်ကြောင့် အသက် ၁၈နှစ် မပြည့်သေးသည့် ကလေးငယ်များကိုလည်း ဟိုင်းခန်းများတွင် တွေ့ရှိနိုင်နေခြင်းဖြစ်သည်။ 

“လူတွေကတော့ အစုံပါပဲ လူကြီး လူငယ်တွေကော အမျိုးသား အမျိုးသမီးတွေကော ကလေးတွေတောင် ပါပါတယ်။ ၁၄နှစ် ၊ ၁၅နှစ် ၊ ၁၆နှစ် လေးတွေပေါ့ ။ပြီးတော့ ဟိုင်းခန်းတွေက ကလပ်အကြီးတွေလို မှတ်ပုံတင် စစ်တာတွေ ဘာတွေ မရှိဘူးဆိုတော့ ကြိုက်တဲ့သူ ဝင်ပဲလေ အေးဆေးပေါ့”ဟု ဟိုင်းခန်းများကိုသွားရောက်နေသူ ရန်ကုန်မြို့က အသက်၂၀စွန်းစွန်းသာ ရှိသေးသည့် လူငယ်တစ်ဦးက ပြောသည်။

လူငယ်များ နေ့စဉ်နေ့တိုင်း အချိန်အခါမရွေးသွားလာနေနိုင်သည့် ဟိုင်းခန်းများမှာ လုံခြုံရေးအနေဖြင့် စိတ်ချရစေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပေါင်းသင်းထားသည်ဟု ဟိုင်းခန်းများ စီစဉ်ပေးနေသူတစ်ဦးကလည်း ပြောပြခဲ့သည်။ 

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အထက်တန်းရှေ့နေတစ်ဦးက “ ဘားတွေ ကေတီဗီတွေ ဖွင့်ပြီ ဆိုကတည်းက သူတို့က အာဏာပိုင်တွေကို ပေးကျွေးထားရတာလေ ။  အဲ့နေရာတွေကို သွားလိုက်တိုင်း အရင်ကထက် ပိုပြီး ရဲတင်းနေတာ ပေါ်တင်တွေ သုံးနေ ရောင်းနေတာကို တွေ့ရမှာပါ။ အရင်တုန်းက အရပ်သားအစိုးရခေတ်မှာက သမ္မတရုံးအထိပါ တိုက်ရိုက်စာတင်ပြီး တိုင်လို့ရတာဆိုတော့ နယ်ထိန်းတွေဘာတွေက သူတို့နဲ့ မပြီးတာမျိုးနဲ့ တစ်ခုခုဆိုရင် အဆင့်ဆင့် အထောင်းခံရမှာစိုးတဲ့အတွက် သူတို့က  ကြပ်ကြပ်မတ်မတ် လုပ်ကြတယ် ။ မူးယစ်ထောက်လှမ်းရေးတို့ ဘာတို့ဆိုရင်လဲ အသွင်ယူပြီး ဖမ်းတာတွေလည်း သေချာလုပ်ကြတယ်။ အခုကျတော့ သူတို့က လုပ်ချင်သလိုလုပ်နေကြတော့ သူတို့နဲ့ပြီးသွားတဲ့သူတွေဆိုရင် လွတ်တယ် မပြီးတဲ့သူဆိုရင် မလွတ်ဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ဟိုင်းခန်းများကိုသွားရောက်နေသူ လူငယ်တစ်ဦးမှလည်း အဖမ်းအဆီးများနှင့် ပတ်သက်၍ “ ဝင်ဆွဲခံရတာတွေ  ဘာတွေလဲ ရှိပါတယ် ။ရန်ကုန်မှာက ပေါ်တင်သုံးနေတဲ့ နေရာတွေ အများကြီး ရှိသလို ဖမ်းချင်တဲ့ အခါကျရင် ဝင်ဖမ်းတာတွေရှိသလို မဖမ်းချင်တဲ့ အခါကျရင်လဲ မဖမ်းဘူးပေါ့ ။သူတို့ ဘယ်လိုလက်ဝါးရိုက်ထားလဲတော့ မသိပေမယ့် လုံခြုံနေတာမျိုးတော့ မဟုတ်ဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် လူငယ်များအနေဖြင့် ဖမ်းဆီးခံရပါက ယခုကာလ အခြေအနေအရ ငွေပေးနိုင်ပါက လွတ်မြောက်နိုင်ပြီး ငွေမပေးနိုင်ပါက ပြစ်ဒဏ်ကျခံရနိုင်ကြောင်း ရန်ကုန် အထက်တန်းရှေ့နေက ၎င်းအမှုလိုက်ပေးခဲ့ရသည့် ဖြစ်စဉ်တစ်ခုနှင့်ယှဉ်ပြီး ပြောပြခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆ အရ ထောင်ဒဏ် ငါးနှစ်မှ ၁၀နှစ်အထိ ကျခံရနိုင်ပြီး ဥပဒေပုဒ်မ ၁၉ အရ အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်အထိ ပြစ်ဒဏ် ရှိကြောင်း အထက်တန်းရှေ့နေက ဆက်လက်ရှင်းပြခဲ့သည်။

“ E တို့ K တို့ လက်ဝယ်ရှိနေရင် မြန်မာနိုင်ငံမှာ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မူးယစ်ဆေးဝါးဥပဒေနဲ့ပဲ သွားပါတယ်။ အသက် ၁၈နှစ်မပြည့်သေးတဲ့ ကလေးဆိုရင် ကလေးသူငယ်တရားရုံးနဲ့တော့ ရင်ဆိုင်ရမယ် ။ ဒါပေမဲ့ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၆ အရ ထောင်ဒဏ် ငါးနှစ်ကနေ ခုနှစ်နှစ်အထိ ကျနိုင်တယ်။အနည်းဆုံး ငါးနှစ် အများဆုံး ၁၀နှစ်ဆိုပေမယ့်   မြို့နယ်တရားရုံးက စစ်တဲ့အတွက် ငါးနှစ်ကနေ ခုနစ်နှစ်အထိလောက် ကျနိုင်တယ်။ အဲ့ဒါကိုမှ တချို့ကလေးတွေက ရောင်းရင်းသုံးရင်း လုပ်နေတာ ပစ္စည်းများများ မိတာဆိုရင် ပုဒ်မ ၁၉နဲ့ အနည်းဆုံး ၁၀နှစ်လောက်အထိ ကျနိုင်တယ်။ လူကြီးနေနေ ကလေးနေနေ မူးယစ်ဆေးဝါးကတော့ ပြစ်ဒဏ်တွေက အတူတူပဲ။ ၁၈နှစ် မပြည့်သေးရင်တော့ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကို ရောက်မယ်ပေါ့ ၁၈နှစ်ပြည့်သွားရင်တော့ တခြား အကျဉ်းထောင်တစ်ခုခုကို ပြောင်းမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် လူငယ်များ နိုင်ငံရေး စိတ်မဝင်စားနိုင်စေရန် စစ်ကောင်စီက ရည်ရွယ်သည့်အနေဖြင့် အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲနိုင်သည့် ဟိုင်းခန်းများကို အလွယ်တကူ လွှတ်ပေးထားခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် လူငယ်များအတွက်လည်း ယင်းဟိုင်းခန်းများသည် နေ့စဉ် ပျော်မွှေ့ရာ သီးသန့်နေရာတစ်ခု ဖြစ်လာကြောင်း ၎င်းက သုံးသပ်သည်။

တရားမဝင် ဖျော်ဖြေရေးလုပ်ငန်းများ ၊မူးယစ်ဆေးဝါးနှင့် လောင်းကစားများ တစ်စထက်တစ်စ ကျယ်ပြန့်လာနေမှုသည် မြန်မာ့လူငယ်များ၏ အနာဂတ်ကို ခြိမ်းခြောက်နေခြင်းဖြစ်သလို 
 စိတ်ကြွမူးယစ်ဆေးဝါးများ လွတ်လပ်စွာသုံးစွဲခွင့် ပြုထားပြီး အဓိက ဖြန့်ဖြူးရောင်းချနေသော ကေတီဗီနှင့် ကလပ်များကိုမူ အာဏာပိုင်များက တိုက်ရိုက်အရေးယူခြင်း မရှိသေးသည်ကလည်း လူငယ်များ၏ဘဝကို ရည်ရွည်ချက်ရှိရှိဖြင့် ဖက်ဆီးနေသလားဟုပင် ထင်မှတ်စရာဖြစ်သည်။ 

“ ဘား” နှင့် “ ကလပ် “ စာလုံး အမည်များဖြင့် ဖွဲ့ထားသည့်  လူမှုကွန်ရက် ဂရုများတွင်လည်း  “ ဘိုကင်ယူထားလို့ပါ “ ၊ “ နေရာဝယ်ထားလို့” ၊ “ လူနည်းနေလို့ပါ “ 
စသည့် အကြောင်းပြချက်မျိုးစုံဖြင့် နိုက်ကလပ်နှင့် ဟိုင်းခန်းများသို့ လာရောက်ရန် နေ့စဥ် အချိန်နှင့် အမျှ ရေးသားဖြန့်ဝေနေကြသည်။ 

လတ်တလောတွင် “  ဒီည ဘယ်မှာ သီးသန့် Join လို့ရမလဲ “ ၊ “  ဒီည ဘယ်အခန်း ရှိတယ် သီးသန့် ကဲချင်သူတွေ ဆက်သွယ်ပါ” အစရှိသည့် လူခေါ်သည့် စာများက နေရာယူနေသည်။ 
ယခင်က နိုက်ကလပ် များသည် ည၁၀နာရီမှ  မနက် ၄နာရီအထိ ဖွင့်လှစ်ကြသည်။ လက်ရှိတွင် မနက် ၄နာရီ အိမ်မပြန်ချင်သေးသူများအတွက် မနက်  ၇နာရီ အထိ After Party ဟူ၍ ၎င်းတို့ကလပ်အတွင်းမှာပင် ဆက်လက်စီစဉ်ပေးကြကြောင်း သိရသည်။ ထို့အပြင် မနက် ၇နာရီခွဲအထိ အိမ်မပြန်ချင်သေးသောသူများနှင့် ညဘက်အပြင်ထွက်မရသူများအတွက် ရည်ရွယ်ထားသော ဒေးကလပ် သို့မဟုတ် ဟိုင်းခန်းများကိုလည်း သီးသန့်အခန်းများဌား၍ နေ့စဉ် စီစဉ်ပေးမှုများကိုလည်း လုပ်ဆောင်ကြကြောင်း သိရသည်။

 ပြီးခဲ့သည့် ဇူလိုင် ၁၃ရက် နံနက် ၁၂နာရီကျော်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ  Honey Nest ဘားသည် အာဏာသိမ်းစစ်ကောင်စီ၏ ညမထွက်ရ အမိန့်ကန့်သတ်ချက်ကို ကျော်လွန်သည်ဆိုသော အကြောင်းပြချက်ကြောင့် ဝင်ရောက် စစ်ဆေးခံခဲ့ရသည်။ 

လတ်တလောတွင် Honey Nest ဘား စစ်ဆေးခံရမှုကြောင့် တခြားသော နိုက်ကလပ်ဘားများသည်လည်း ညနေ ၅နာရီမှ ည၁၁နာရီအထိ သာ ဖွင့်လှစ်ကြကြောင်းနှင့် ၎င်းတို့၏ ဖွင့်ချိန် ပိတ်ချိန်များကိုလည်း အထက်ပါကဲ့သို့ တရားဝင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြသည်ကိုလည်း စုံစမ်းသိရှိခဲ့ရသည်။ သို့သော် ထိုအခြေအနေများတွင် သီးသန့်အခန်းများမှာ ယခင်ကထက်ပင် ပိုမိုနေရာယူလာခဲ့တော့သည်။ 

မူးယစ်ဆေးဝါး အလွယ်တကူ ရနိုင်သည့် နေရာတစ်ခုဟု နာမည်ကြီးသော Honey Nest ဘား ကို စစ်ကောင်စီမှ ဝင်ရောက် စစ်ဆေးခံရပြီးနောက် အဆိုပါစစ်ဆေးမှုမှာ ပျော်ပျော်ပါးပါးကြီး ပြီးသွားပြီး မနက် ၆နာရီတွင် လူများအားလုံး အေးအေးဆေးဆေး အပြင်ပြန်ရောက်နေပြီဟု စစ်ဆေးမှုကို ကြုံခဲ့ရသည့် လူငယ်များ၏ လူငယ်ကွန်ရက်တွင် ပိုစ့်များ ရေးသားမှုကို ကြည့်ရှုခြင်းအားဖြင့် အဆိုပါ ရှေ့နေ၏ သုံးသပ်ချက်သည် မလွဲမှားနိုင်ကြောင်း ထင်ရှားခဲ့သည်။

“ခံဝန်ထိုးရတယ်ဆိုတာကလည်း ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်ပြီး လာပျော်ပါးနေတာပဲ ဒီလောက်တော့ ခံဝန်ထိုးရမှာပေါ့။ အဲ့ဒါကလည်း အထွေအထူးမဟုတ်ပါဘူး နောက်မထွက်ပါဘူးဆိုတာလောက်ပါပဲ။ ညက Honey Nestမှာ ရှိတဲ့လူတွေက အကုန်အေးဆေးပဲ ကိုယ့်ဝိုင်းမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စားတဲ့သူက စား ၊ အိပ်တဲ့လူက အိပ်၊ ဖုန်းသုံးတဲ့သူက သုံးနဲ့ ။ ဗီဒီယို မရိုက်ရ ဓာတ်ပုံမရိုက်ရတာပဲ တားတာ ။ ပျော်ပျော်ပါးပါးကြီးပါပဲ”ဟု ဝင်ရောက်စစ်ဆေးခံရသည့် အတွေ့အကြုံကို လူငယ်တစ်ဦးက ၎င်းလူမှုကွန်ရက်တွင် ပြန်လည်ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။

 လက်ရှိတွင်လည်း နိုက်ကလပ်ဘားများတွင် မရနိုင်သည့် အချိန်များအစား သီးသန့်အခန်းများဖြင့် လုပ်ဆောင်နေကြသည့် ဟိုင်းခန်းများကိုပိုမို စီစဉ်လာကြသည်။  ပွဲစီစဉ်သူများက လုံခြုံရေး အာမခံမှုအပြည့်ဖြင့်ပင် ဝန်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်ပေးနေလျက်ရှိရာ  “အပျော် အပျက်” ဟူသော မြန်မာစကားလုံးတွဲသည် ဟိုင်းခန်းကို နှစ်သက်ခုံမင်သူများနှင့် အကိုက်ညီဆုံးစကားဖြစ်နေတော့သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#K
#E
#Happy Water
#ဟိုင်းခန်း
#သီးသန့်ခန်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly