ပုလဲမြို့နယ် အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက် ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
09 July 2023
ပုလဲမြို့နယ် အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက် ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ ဖြစ်စဉ်တွင် နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ရှိခဲ့ပြီး ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက် သေဆုံးမှုကို မသိရသေးကြောင်း သခင်ဒေါင်းညိုက ဆိုသည်။

“စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းကိုကြောက်လို့ နွား တွေကို ရှေ့ကမောင်းပြီး နယ်ချဲ့လာတာ။ သူတို့ တိုးလို့ရသလောက်တိုးပြီး မိုင်းတွေ ထောင်သွားကြတာ။ ဒါကြောင့် ကျနော်တို့က စောင့်ကြိုပြီးတိုက်ခဲ့တာ။ နွားကျောင်းထွက်လာတဲ့ စစ်သားနဲ့ပျူအင်အား ၃၀ လောက်နဲ့ မိနစ် ၃၀ လောက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ ရန်သူထိခိုက်မှုအခြေနေကတော့ မသိရသေးဘူးဟု” ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အင်းမထီးပျူစောထီးရွာသည် အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ဦးနှောက်၊ သာယာကုန်း စသည့်ကျေး ရွာများမှ ဒေသခံများ၏ နွားနှင့်လှည်းများကို ရိက္ခာနှင့်သယ်ဆောင်ရန်အတွက် လုယူအသုံးပြုနေကြ ကြောင်း သိရသည်။
 

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။   ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#အင်းမထီးပျူရွာ
#သခင်ဒေါင်းညိုတပ်ဖွဲ့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly