စစ်ပြေးမြန်မာဒုက္ခသည်များ နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ ဝင်ရောက်

စစ်ပြေးမြန်မာဒုက္ခသည်များ နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ ဝင်ရောက်
Photo-AFP

ကရင်နီတပ် (KA) နှင့် မြန်မာစစ်ကောင်စီတပ်များကြား တိုက်ပွဲများမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်ရှိ မယ်ဆာရီအန်ခရိုင်က ဒုက္ခသည်စခန်းများတွင် လက်ရှိ ခိုလှုံနေကြသည့် မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သိရသည်။

ထိုင်းမြောက်ပိုင်းရှိ ယင်းပြည်နယ်၏ တစ်ဖက် မြန်မာနယ်စပ်မြို့တစ်မြို့တွင် စစ်ကောင်စီက KA ကို လေကြောင်းတိုက်ခိုက်ကြောင်း ကြာသပတေးနေ့ သတင်းများက ဖော်ပြသည်။ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများ ရှိကြောင်းလည်း ကြားသိရသည်။

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ရရှိရန် ဒေသခံတော်တော်များများက ထိခိုက်ဒဏ်ရာရသူများကို နယ်စပ်မှ ဖြတ်ကာ သယ်ဆောင်လာကြသကဲ့သို့ အခြားသူများက နယ်စပ်တောအုပ်များသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ပြီး KA စစ်သားများ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကြောင်း KA သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။ မယ်ဟောင်ဆန်ဆေးရုံသို့ ကရင်နီစစ်သား အနည်းဆုံး ခုနစ်ဦးကို ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

သောကြာနေ့တွင် နယ်စပ်တစ်ဘက်ခြမ်းမှ ပစ်ခတ်သံများကို မောင်ခရိုင် ဒေသခံများက ကြားကြရသည်။ စစ်ကောင်စီတပ်များက ခုနစ်မိနစ်တိုင်း ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မယ်ဟောင်ဆန်သို့ ထွက်ပြေးလာကြသည့် မြန်မာဒုက္ခသည်ဦးရေသည် ၅,၁၅၆ အထိ ရှိလာသည်။ ၎င်းတို့သည် ခိုလှုံရေးစခန်း လေးခု၌ နေထိုင်နေရပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးထားသည်။

ဒုက္ခသည်အရေအတွက်က ယာယီအကူအညီ ပေးနိုင်စွမ်းထက် မကျော်လွန်သေးကြောင်း မယ်ဟောင်ဆန်အုပ်ချုပ်ရေးမှူး ချက်သာ မိုစီကရက်က ပြောသည်။ သို့ရာတွင် ရောက်လာသမျှကို တာဝန်ရှိသူများက မှတ်တမ်းယူထားသင့်ပြီး မိုးရာသီအတွင်းဖြစ်၍ ရောဂါကာကွယ်ရေးများ ဆောင်ရွက်ထားရမည် ဖြစ်သည်။

ငှက်ဖျားကာကွယ်ရန်အတွက် တာဝန်ရှိသူများက ခိုလှုံရေးစခန်းများတွင် အပတ်စဉ် ခြင်ပြေးဆေးများ ဖျန်းပေးကြောင်းလည်း သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required