တရုတ်၏ စီမံကိန်းများကို  မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ အသုံးပြုကာကွယ်ပေးနေ

တရုတ်၏ စီမံကိန်းများကို  မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ အသုံးပြုကာကွယ်ပေးနေ

တရုတ် စီမံကိန်းများ တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ စစ်အစိုးရက ရက်ရက်ရောရာ လုပ်ဆောင်ပေးနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းဒေသ၌ ဇွန်လ အစောပိုင်းက မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ  အဆိုပါဒေသရှိ တရုတ်ပိုင် ကြေးနီမိုင်းတွင်းများ အနီးတွင် ချထားသော မြေမြှုပ်မိုင်း အန္တရာယ်များအတွက် အထူးစိုးရိမ်မှုများ မြင့်တက်လာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သော စစ်အစိုးရသည် ကြိမ်ဖန်များစွာ မအောင်မြင်ခဲ့သော တရုတ်တို့၏ သယံဇာတ ထုတ်ယူမှုကို အဟန့်အတားမရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်စေရေး အတွက် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်တပ်ဖွဲ့များကို အမြစ်ဖြုတ်ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အခြားတရုတ် အကျိုးစီးပွားများကို ကာကွယ်လိုသော အစိုးရ၏ နည်းဗျူဟာများတွင် လူသတ်မိုင်းအသုံးပြုမှုများ ပါဝင်လာကြောင်း ကျွမ်းကျင်သူများက လေ့လာ တွေ့ရှိခဲ့သည်။

ယင်းလူသတ်လက်နက်များ တိုးပွားလာနေခြင်းသည် အရပ်သားများသေကြေပျက်စီးမှုနှင့် ဘေးအန္တရာယ် များပြား လာစေပြီး တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ခွဲထွက်ရန် ခြိမ်းခြောက်လျက်ရှိ သည်။

“တရုတ်ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဗျူဟာတစ်ခုအနေနဲ့ စစ်တပ်က မြေမြှုပ်မိုင်းတွေကို အသုံးပြုနေပါတယ်” ဟု ဝါရှင်တန်အခြေစိုက် တွေးခေါ်ပညာရှင်တစ်ဦးဖြစ်သည့် United States Institute of Peace မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆွန် တာဝါ က ပြောသည်။ “လက်ပံတောင်းတောင် စီမံကိန်း အနီးမှာ လုပ်ငန်းတွေ ပြန်စဖို့ တပ်တွေ နဲ့ မြေမြှုပ်မိုင်းချထားတာ ဟာ အာဏာသိမ်းပြီး နောက်ပိုင်း ၄ ကြိမ်မြောက်ရှိပြီဖြစ်တယ်” ဟုလည်း ၎င်းက  ဇွန်လအတွင်း ပြောကြားသည်။

လက်ပံတောင်းဒေသသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ရွေးကောက်ခံအစိုးရကို စစ်တပ်မှ ဖြုတ်ချပြီး ချိန်ကငြိမ်နေခဲ့သော်လည်း စစ်ကိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၏ ဦးဆောင် စည်းရုံးမှု နှင့် စစ်အစိုးရကို ဆန့်ကျင်သည့် တော်လှန်ရေး ကြီးထွားလာမှု၏ အကျိုးဆက် အဖြစ် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့ခန့် ရှိသည်။ 

သတ္တုတူးဖော်ရေး အစုရှယ်ယာပိုင်ဆိုင်သည့် တရုတ်ကုမ္ပဏီသည် တရုတ်အစိုးရပိုင် ကာကွယ်ရေးကော်ပိုရေးရှင်း China North Industries Group (Norinco) နှင့် ချိတ်ဆက်ထားသည့် ဝမ်ပေါင် ကုမ္ပဏီ ၏ လုပ်ငန်းခွဲဖြစ်သည်။

ဝမ်ပေါင်သတ္တုတူးဖော်ရေး ကုမ္ပဏီက ၎င်း ၏ သတ္တုတွင်းများကို  မြေမြှုပ်မိုင်းများဖြင့် ကာကွယ်ပေးထားခြင်းအပေါ်   မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

လက်ပံတောင်းတောင်တွင် ခြံစည်းရိုးခတ်ရာ၌ မြေမြှုပ်မိုင်းများ အသုံးပြုခဲ့သည့် အထောက် အထားများကို ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပြီးခဲ့သည့်နှစ် သြဂုတ် တွင် ထုတ်ဖော်ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ တွင် ထုတ်ဝေသော Landmine Monitor Myanmar/Burma Country Report အရ သိရသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နှစ်ပေါင်းများစွာ အငြင်းပွားမှုများကြောင့် ပြဿနာများစွာ ဖြစ်ခဲ့ရသည်။ မြေအောက်ရေကို ညစ်ညမ်းစေသော မိုင်းမှထွက်သည့် မြေစာပုံများ နှင့် စွန့်ပစ်ပစ္စည်းများ အပါအဝင် ဓာတု အဆိပ်အတောက်များ စီးဆင်းမှုကို ဒေသခံလူထုများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ရွာသားများအနေဖြင့် အဆိုပါ စီမံကိန်းကို တရုတ်စီးပွားရေးလွှမ်းမိုးမှု သင်္ကေတဟု မှတ်ယူ၍ ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခြင်းမခံရမီထိ သတ္တုတွင်းသည် အချိန်ကြာမြင့်စွာ လည်ပတ်နေခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီတစ်ပိုင်း အုပ်ချုပ်ရေး အခြေအနေတွင် အဆိုပါ သတ္တုတူးဖော်ရေး စီမံကိန်းဆန့်ကျင်ရေး ဆန္ဒပြပွဲများ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သတ္တုတွင်း ဆက်လက်လုပ်ကိုင်ရေး အစီအစဉ်ကို ခုခံကာကွယ်ပေးခဲ့သည်။

ယခုအခါ စစ်တပ်နှင့် ဆက်နွယ်နေသော တရုတ် ကျောထောက်နောက်ခံပြု အခြား ပိုင်ဆိုင်မှုများ ကို ကာကွယ်ရန် ပြည်တွင်းဖြစ် MM6 လူသတ်မိုင်းကဲ့သို့သော စစ်တပ်ပိုင် ဖောက်ခွဲရေးပစ္စည်းများ ကို မြှုပ်နှံ အသုံးပြုလာသည်။

အဆိုပါ လုပ်ငန်းများ စာရင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ဓာတ်အားပေးစက်ရုံ ၁ ရုံနှင့် တစ်နိုင်ငံလုံးကို ဖြတ်သန်းသွားမည့် ပိုက်လိုင်းအချို့ ပါဝင်နေသည်။ "တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative ) အောက်တွင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ကာကွယ်ရန် မိုင်းများချထား" ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ အရှေ့မြောက်ဘက်ရှိ အင်အားကြီး အိမ်နီးချင်း နိုင်ငံ ဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကို သံတမန်နှင့် စီးပွားရေးအရ  မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးပြီး ချော့မော့နေသော မြန်မာ စစ်ဗိုလ်ချုပ်များ၏ ဗျူဟာအား မြေမြှုပ်မိုင်း ဆန့်ကျင်ရေး လှုပ်ရှားသူ ရက်စ်ဟွာ မိုဆာပေါင်စုဝမ်ကဲ့သို့  အဆိုပါ စီမံကိန်းများနှင့်ပတ်သက်၍ ကန့်ကွက်သူတို့က မတားဆီးနိုင်ခဲ့ပေ။ 

"တရုတ်ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ချထားတယ်ဆိုတာ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော နေရာပဲ" ဟု မြန်မာ့မြေမြှုပ်မိုင်း အစီရင်ခံစာကို ဦးဆောင်ရေးသားသူ မိုဆာပေါင်စုဝမ်က Nikkei Asia သို့ ပြောကြားသည်။ “မိုင်းထောင်ထားတဲ့ နေရာတွေကို မသွားကြဖို့ အနီးနားက ရွာတွေကို သတိပေးထားတဲ့ စစ်အစိုးရက ဒီလုပ်ရပ်ကို လုပ်တယ် ဆိုတာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

လူသတ်မြေမြှုပ်မိုင်း အမျိုးအစား ၅ မျိုးထုတ်လုပ်သည့် မြန်မာ့ပြည်တွင်း လက်နက်လုပ်ငန်းသည် စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားမှ တင်သွင်းသူများနှင့် လက်နက်ကုန်သွယ်မှုမှ ဒေါ်လာ ၁ ဘီလီယံ အကျိုးအမြတ်ရရှိခဲ့သည်။

"ကပစ" ဟု ပြည်တွင်းတွင် လူသိများသော မြန်မာစစ်တပ်၏ ကာကွယ်ရေးစက်မှုလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ လက်နက်စက်ရုံများသည် "လက်နက်ခဲယမ်းမီးကျောက်များ၊ လက်ပစ်ဗုံးများ၊ အမြောက်ကျည်များ၊ လူ နှင့် ယာဉ်တိုက်ခိုက်ရေး မြေမြှုပ်မိုင်းများ" ထုတ်လုပ်ရန်အတွက် နိုင်ငံခြားမှ ပစ္စည်းကိရိယာများ ဝယ်ယူတင်သွင်း နေကြောင်း “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသော နိုင်ငံတကာ လက်နက် ကွန်ရက်များ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မေလ တွင် ပြောကြားလိုက်သည်။

ယင်းအန္တရာယ်ကို ပိုမိုဆိုးရွားစေသည့်အချက်မှာ အာဏာသိမ်းအစိုးရကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကလည်း  ကုန်ကျစရိတ်သက်သာ၍ လက်လှမ်းမီသော ၎င်းတို့ ကိုယ်ပိုင်မြေမြှုပ်မိုင်းများကို ထောင်ခဲ့ကြသည်ဟု ဆိုသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် အခြားဒေသ ၁၀ ခုတို့တွင် မြေမြှုပ်မိုင်းများ ကို ဆိုးဝါးစွာ တွေ့ရှိရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၏ ယခုနှစ် ပထမ ၃ လပတ် အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုရှိ ၃၂၅ မြို့နယ်  အနက် ၉၇ မြို့နယ်တွင် "လူသတ်မိုင်းများ" တွေ့ရှိရသည် ဟု မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာသူ များက   ဆိုသည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် မြေမြှုပ်မိုင်း ဒဏ်ခံခဲ့ရသော ဧရိယာအသစ်များ သည် ၂၀၂၂ ခုနှစ်တွင် ၁၄၇ မြို့နယ် အထိ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော သွေးထွက်သံယို ပဋိပက္ခများ၏ ရှေ့တန်းစစ်မျက်နှာများတွင် တပ်ဆင်ထားသော မြေမြှုပ်မိုင်းတွဲများကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးစေနိုင်သည့် စိုးရိမ်စရာများ  ရှိလာသည်။

“မြန်မာနိုင်ငံက အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ပြိုကွဲနေပြီ။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတော့ ပိုပြီး မြန်မြန်ဆန်ဆန် ပြိုကွဲလာတယ်” ဟု   မြန်မာအရေး လေ့လာသုံးသပ်သူ ဒေးဗစ်စကော့ မက်သီဆင်က ပြောသည်။ “အာဏာသိမ်းပြီးကတည်းက စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာက ကျဉ်းသွားတယ်။ ဒါက စီမံကိန်းတွေအတွက် တည်ငြိမ်မှုကို လိုလားတဲ့ တရုတ်အတွက် စိန်ခေါ်မှုတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပြည်သူလူထုအပေါ် ထိခိုက်မှုများ ရှိလာသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးမှုမှာ ၂၀၂၂ ခုနှစ် တွင် ၃၉၀ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း စုစုပေါင်း ၃၈၈ ဦး ရှိခဲ့ကြောင်း UNICEF မှတ်တမ်းအရ သိရသည်။ ဆယ်စုနှစ်များစွာ အတွင်း စောင့်ကြည့်မှုအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှုများကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှု ဖြစ်ရပ် များစွာကို တွေ့ရသဖြင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များ အနေဖြင့် အဆိုးရွားဆုံးဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း သေဆုံးသူ ၁၀၀၈  ဦး နှင့် ဒဏ်ရာရသူ  ၄၅၀၀ ဦး အပါအဝင် အသေအပျောက် ၅၆၂၉ ဦးရှိကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်ရေးဌာန မှ မှတ်တမ်းတင်ခဲ့သည်။

“မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ မိုင်းအစအန တွေနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေ ကြောင့် အရပ်သား မတော်တဆမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ရာနဲ့ချီ ရှိလာပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက မြန်မာနိုင်ငံ၏ ဆိုးရွားလာသော မြေမြှုပ်မိုင်းစစ်ပွဲနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ "မြေမြှုပ်မိုင်းတွေနှင့် အခြားပေါက်ကွဲစေတတ်တဲ့ ကိရိယာတွေဟာ သူတို့အပေါ် ဘယ်သူတွေ ဖြတ်သွားတယ်ဆိုတာ  မခွဲခြားနိုင်ဘဲ လူမှုအသိုင်းအဝိုင်း အများအပြား ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်"

မြေမြှုပ်မိုင်းများ ပြန့်ပွားလာမှုကြောင့် သေဆုံးရမှုများအပြင် သေဆုံးရသူ မိသားစုများ သို့မဟုတ် လယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေကို အသုံးပြုရန် မဖြစ်နိုင်တော့၍ စွန့်ခွာရမှုများ ပိုများလာကြောင်း ICRC မှ မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly