မင်းလှမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
07 July 2023
မင်းလှမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း ၊မင်းလှမြို့နယ်၊ မြို့မရဲစခန်းအတွင်း၌ ယမန်နေ့ ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်အဆင့်ရှိသူ သေဆုံးသွားသည်ဟု မင်းလှဒေသခံက မဇ္ဈိမကိုပြောသည်။

"သူတို့နှစ်ယောက်က မနက် ၁၀ နာရီမှာ အချုပ်သားတွေကို အရှေ့တရားရုံး(မင်းလှမြို့တရားရုံး)ကိုပို့ရတယ်၊ ညနေဆိုရင် ၃ နာရီလောက်ဆို ပြန်သိမ်းလာရတယ်ပေါ့။ မနေ့ကတော့ သူတို့နှစ်ယောက်အတူတာဝန်ကျတာပါ။ တရားရုံးမှာကတည်းက သူတို့နှစ်ယောက် မကျေမနပ်ဖြစ်လာကြတယ်။ စခန်းပြန်ရောက်လာတော့ ဆက်ဖြစ်ကြတယ်။ နှစ်ယောက်စလုံးကလည်း သောက်ထားကြတာဗျ။ သေတဲ့ရဲက အရင်ပစ်တာ။ အဲ့ဒီမှာ တစ်ဖက်က တစ်ချက်ပဲ ဗိုက်ကိုပြန်ပစ်လိုက်တာမှာ သေသွားတာ” ဟု မင်းလှမြို့ဒေသခံက ပြောသည်။

သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် တပ်ကြပ်အဆင့်ရှိသည့် ကိုချစ်ထွေးဆိုသူဖြစ်ပြီး ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်အား လက်ရှိတွင် သာယာဝတီအချုပ်ထောင်သို့ ပို့ဆောင်ထားသည်ဟု ကြားသိရကြောင်း အဆိုပါဒေသခံက ပြောသည်။

ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်၏ ရာထူးအဆင့်နှင့် အမည်ကို မသိရကြောင်း ၎င်းကဆက်‌ပြောသည်။

သေဆုံးသူ ရဲတပ်ကြပ်သည် မင်းလှမြို့၊ မြို့မရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ပစ်ခတ်လိုက်သူမှာ မင်းလှမြို့နယ်အတွင်းရှိ စစ်ကွင်းတိုက်နယ်ရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း သိရသည်။

“လက်ရှိစစ်ကောင်စီလည်းကျင့်သုံးဆဲ အရင်ကျွန်တော်တို့လည်း သုံးခဲ့ရတဲ့ ၁၉၉၅ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ ဆိုရင်တော့ တာဝန်ချိန် အရက်သေစာသောက်စားပြီး မိမိတာဝန်ပျက်ကွက်ရင်၊ တပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရင်၊ ပြစ်မှုကျူးလွန်ရင် အနိမ့်ဆုံးထောင်ဒဏ် တစ်နှစ်ကနေ သူကျူးလွန်လိုက်တဲ့ ပြစ်မှုပေါ်မူတည်ပြီး ပြစ်ဒဏ်တွေချပါတယ်။ တာဝန်ချိန်အတွင်း အရက်သေစာမသောက်စားရ ဆိုတာမျိုးကတော့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေထဲမှာ ပါတယ်ပေါ့ဗျာ။ လက်ရှိကတော့ စစ်ကောင်စီက စစ်သားဆိုရင် အရက်တောင်သူတို့ထုတ်တိုက် မူးယစ်ဆေးသုံးစွဲခွင့်ပေးတာတွေတောင် ရှိနေတာဆိုတော့" ဟု CDM ရဲအရာရှိတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုများမကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေလအတွင်းက ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်နှင့် ရဲဒုတပ်ကြပ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ ဒုတပ်ကြပ် တစ်ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် ညပိုင်းကလည်း ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ အသက်၂၈ နှစ်အရွယ်ရှိ ရဲတပ်သားနေလင်းဆိုသူ သေဆုံးခဲ့‌သေးသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly