ခင်ဦးမြို့နယ်တွင် နေအိမ်နှင့်ကြက်ခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီး​လောင်ထားသည့် ရုပ်အလောင်းတွေ့ရှိ

By 001 (မဇ္စျိမ)
07 July 2023
ခင်ဦးမြို့နယ်တွင် နေအိမ်နှင့်ကြက်ခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီး​လောင်ထားသည့် ရုပ်အလောင်းတွေ့ရှိ
Photo -  ဇူလိုင်လ ၆ ရက်​နေ့ ကုန်းကြီး​ကျေးရွာရှိ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာတွင် စစ်​ကောင်စီစစ်​ကြောင်း ပြန်ထွက်သွားပြီး​နောက်နေအိမ်နှင့် ကြက်မွေးမြူရေးခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်း ကုန်းကြီးရွာသို့ ဇူလိုင်လ ၅ ရက်နေ့တွင် စတင် ဝင်ရောက်ခဲ့ပြီး နေအိမ် ၂၅ လုံးကို မီးရှို့ခဲ့ကာ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခန့်မှန်းပြောတာက ကုန်းကြီးရွာက အဖမ်းခံရတဲ့လူလည်းဖြစ်နိုင်တယ်ပေါ့နော်။ သူက မီးကျွမ်းနေပြီ။ အဖမ်းခံရတာကတော့ မသိသေးဘူး”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ရုပ်အလောင်းနှင့် ပတ်သက်ပြီး မည်သူ ၊ မည်ဝါဖြစ်ကြောင်း အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဇူလိုင်လ ၆ ရက်​နေ့တွင်ခင်ဦး အ​ရှေ့ခြမ်း လယ်သစ်တောကျေးရွာနှင့် ကုန်းကြီးကျေးရွာတို့ရှိ အသားစားကြက်မွေးမြူရေးခြံ ၁၂ ခြံကိုလည်း မီးရှို့ခဲ့မှုကြောင့် အသားစားကြက်အကောင်ရေ ၄,၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့​နောက် ယနေ့ ဇူလိုင်လ ၇ ရက်​နေ့ နံနက်ပိုင်းတွင် ဝက်သဲရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည့်အတွက် ​ဒေသခံများ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်၏ နောက်ထပ်စစ်ကြောင်းတစ်ခုက ယနေ့ နံနက်ပိုင်းတွင် မြကန်ရွာကိုဝင်ရောက်ခဲ့​ကြောင်း မြင်း​​ဒေါင်း​ဒေသခံတစ်ဦးက​ ပြောသည်။

ထို့​နောက် မြကန်ရွာရှိ ဒေသခံတစ်ဦးဖမ်းဆီးခံခဲ့ရကာ နေအိမ်အချို့လည်း မီးရှို့ခံရပြီး အရေအတွက် မသိရသေးကြောင်း အဆိုပါဒေသခံကပြောသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် ကုန်းကြီး၊ တမာ၊ ရသာ၊ဆူးတပ်၊ ဝက်သဲ စသည့်ကျေးရွာများနှင့် ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် မြကန်၊ မြင်းဒေါင်း၊ အင်းပတ်၊ မရမ်းအင်း၊ ကုန်းသာ စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၆,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်လျှောက်ကျေးရွာများမှ ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ဦးထက်မနည်းရှိ​နေပြီဖြစ်ကြောင်းလည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

Data for Myanmar၏  ဇွန်လ ၁၄ ရက်​နေ့ ထုတ်ပြန်ချက်အရ စစ်​ကောင်စီတပ်နှင့် လက်​အောက်ခံ အဖွဲ့အစည်းများ​၏ မီးရှို့မှု​ကြောင့် စစ်ကိုင်းတိုင်းတွင် ​နေအိမ် ၅၃,၈၁၆ လုံး မီး​လောင်ပျက်စီးထား​ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly