ကန့်ဘလူတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခံရသူ ၆၀ ကျော်မှ တချို့ပြန်လွတ်လာ

By ကိုခင်မောင် (မဇ္ဈိမ)
07 July 2023
ကန့်ဘလူတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခံရသူ ၆၀ ကျော်မှ တချို့ပြန်လွတ်လာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခံရသူ အရပ်သားပြည်သူ ၆၀ ဦးကျော်အနက် အချို့ပြန်လွတ်လာပြီး ၁၄ ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နှင့် ၅ရက်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်၊ အင်းမရွာ ဒေသခံ ၁၂ဦး နှင့် မိဿလင်ကုန်းရွာနေ ဒေသခံ ၄၈ဦး တို့ကို ၎င်းတို့တပ်စွဲထားရာ နေရာများသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၄၆ဦးပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

"ဇူလိုင် ၄ ရက်ကဖမ်းသွားတဲ့ ၁၂ ဦးထဲက အသက်မပြည့်သေးတဲ့ ကလေးသုံးယောက်နဲ့ အမျိုးသမီး လေးဦး၊ ပေါင်း ခုနစ်ယောက် လွတ်လာပါတယ်။ အမျိုးသား ငါးယောက်တော့ ဖမ်းခံရဆဲပါဗျ" ဟု အင်းမရွာခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများတွင် အသက်မပြည့်သေးသောကလေးများ၊ အမျိုးသမီးများနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများ ပါဝင်နေကြောင်းလည်း ဆိုသည်။
 
"မိဿလင်ကုန်းရွာ ဝင်ဖမ်းတာက အားလုံး ၄၈ ယောက်။ ပထမ အသုတ် ၁၃ ဦး ပြန်လွတ်လာပြီး ဒီနေ့(ဇူလိုင် ၇ရက်)က   ၂၆ ဦး ပြန်လွတ်ပါတယ်။ ပြန်လွတ်လာတဲ့ ၂၆ ယောက်ထဲမှာ ရှစ်တန်း ကျောင်းသားလေးတစ်ယောက်ပါပါတယ်ဗျ" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင် အင်းမရွာမှ အရပ်သားပြည်သူ ငါးဦးနှင့် မိဿလင်ကုန်းရွာမှ အရပ်သားပြည်သူ ကိုးဦးကို စစ်ကောင်စီများအထိုင်ချတပ်စွဲနေသော ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့အထိုင်စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အထိုင်စခန်းများတွင် ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဆက်လက်ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေပဲ ကျန်တယ်လို့ သိရပါတယ်” ဟု ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကို ယနေ့ ၁နာရီ ၁၅မိနစ်တွင် ပြောသည်။

ကန့်ဘလူမြို့နယ်၊ မိဿလင်ကုန်းရွာ ဒေသခံ ၄၈ဦးကို  အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ( ၃၆၃ ) စစ်ကြောင်းက ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင်  ကိုးတောင်ဘို့အထိုင်ရစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်က  အင်းမရွာဒေသခံ ၁၂ဦးကိုလည်း  အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ( ၃၆၁ )နှင့် ပျူစောထီးဆိုသူများမှ ဇူလိုင်လ ၄ ရက်တွင် ကျွန်းလှမြို့နယ်က အထိုင်ချတပ်စွဲထားရနေရာများသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ကန့်ဘလူခရိုင်အတွင်း၌ အမြဲမပြတ်စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းနှင့်တိုးသည့် အရပ်သားပြည်သူများကို   ဖမ်းဆီးခေါ်ဆောင်သွားကာ  ဒေသခံတချို့မှာ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသကဲ့သို့  တချို့ကို ငွေကြေးအမြောက်အများဖြင့် အတင်းအကျပ်ပြန်လည်ရွေးခိုင်းခြင်းမျိုးလည်း လုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ခိုးယူသယ်ဆောင်ခြင်း၊ လယ်ယာသုံးကျွဲ၊ နွားများအား အဓမ္မယူဆောင်ကာ ပြန်လည်လေလံတင် ရောင်းချခြင်းများကိုလည်း အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required