ရန်ကုန်သင်္ကြန် မိသားစု မဏ္ဍပ်တွေပဲ ခွင့်ပြုမယ့်အပေါ် လက်ခံကြလား

ရန်ကုန်သင်္ကြန် မိသားစု မဏ္ဍပ်တွေပဲ ခွင့်ပြုမယ့်အပေါ် လက်ခံကြလား
၂၀၁၄ခုနှစ် ရန်ကုန်သင်္ကြန်မြင်ကွင်း။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၂ ။           ။ ၂၀၁၆ခုနှစ် အတာသြင်္ကန်ပွဲတော်အတွက် ရန်ကုန်မြို့ ကန်ပတ်လမ်းမှာ အရင်နှစ်တွေလို စီးပွားဖြစ်မဏ္ဍပ်တွေ ခွင့်မပြုတော့ဘဲ မိသားစုအလိုက်၊ ရုံးဌာနအလိုက် မဏ္ဍတွေပဲ ခွင့်ပြုပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဧပြီ ၁ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုဆုံးဖြတ်လိုက်တဲ့အပေါ် အလွှာအသီးသီးက ထင်မြင်ချက် အမျိုးမျိုး ရှိနေကြပါတယ်။ ဘယ်သူတွေက ကြိုဆိုလဲ၊ ဘယ်သူတွေက မနှစ်သက်ဘူးလဲ မဇ္ဈိမက မေးမြန်းထားပါတယ်။

ဦးမြင့်အေး (အသက် ၆၀ အရွယ် ဖခင်တစ်ဦး)

ဒီနှစ်သြင်္ကန်ကို အဲ့လိုလုပ်တာတော့ ကောင်းတယ်လို့မြင်တယ်။ အဲလို့လုပ်တော့ ဟိုအရင်တုန်းက သြင်္ကန်ကို ပြန်ခံစားရတော့မယ်လို့ ထင်တယ်။ ကိုယ့်ရပ်ကွက်ထဲလည်း စည်စည်ကားကားလေးပြန်ဖြစ်မှာပေါ့။ သြင်္ကန်မှာဆို တစ်ချို့မိန်းကလေးတွေဆို အောက်ခံ အင်္ကျီတောင်မပါ။ မြင်မကောင်းဘူး။ အတော်ဆိုးဆိုးတွေ မြင်နေရတယ်လေ။   ခေတ်နဲ့အညီတော့နေပေါ့။   ခေတ်ရှေ့ပြေးလွန်တယ် ဆိုတာကလည်း နေရာတိုင်းမကောင်းဘူး။ ကျွန်တော်က သမီးမိန်ကလေးမွေးထားတော့ စိုးရိမ်တယ်။ အစိုးရက အဲ့လိုလုပ်တာကို ထောက်ခံတယ်။

မသီရိ (ပြည်လမ်းမဏ္ဍပ်တွင် ရေကစားရန် လက်မှတ် ဝယ်ထားသူ)

ဒီနှစ်လက်မှတ်က ဝယ်ထားပြီးပြီး ALL DAYကို  သုံးသိန်းခွဲကျတာ။ ပြည်လမ်းပါ ပါသွားလားတော့မသိသေဘူး။ မသေချာသေးတော့ မပြောတတ်ဘူး။ အခု သူတို့ကနောက်ဆုံး နည်းလမ်းစဉ်းစာထားတာက သူခြံထဲမှာပဲပေါ့။ ရင်းနှီးတဲ့သူတွေနဲ့ ပါတီပုံစံမျိုးပဲ လုပ်တော့မယ်လို့ပြောတယ်။ သူငယ်ချင်း ဝယ်ထားတဲ့မဏ္ဍပ်က မိသားစုး မဏ္ဍပ်ထဲပါသွားတော့ သိပ်ပြီး ပြဿနာတော့မရှိဘူး။ ညီမတို့မဏ္ဍပ်ကျတော့  ဘာလုပ်ရမှန်းကို မသိဖြစ်နေတာ အခုထိလည်း မသိရသေးဘူးလေ။ ဒီပုံစံတိုင်းဆို  ခြံထဲမှာပဲ လုပ်ရမယ်လို့ထင်တယ်။

ဒေါ်စိုးစိုးနွယ် (အသက် ၅၀အရွယ် အိမ်ရှင်မ)

နောက်ပိုင်းက သြင်္ကန်မဏ္ဍပ်တွေဆို  မူးရူးနေကြတာလေ။ မြင်လို့လည်းမကောင်းဘူး။ သြင်္ကန် အကြောင်းပြပြီး မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးနေကြတာလေ။ အခုအလိုလုပ်တော့ ကောင်းတယ်။ အစိုးရသစ် ချက်ချင်း လက်ထက်မှာ ဒီလိုလုပ်လိုက်တာကောင်းတယ်။ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့အကျင့်ကို ချက်ချင်းတော့ ပြင်လို့တော့မရသေးဘူးပေါ့။ ဒါပေမယ့် ဒီလိုပဲ တိုက်ယူရမှာပဲလေ။ အဲ့လိုလုပ်လို့ ဝေဖန်ကောင်း ဝေဖန်လိမ့်မယ်။ အဲလိုလုပ်တဲ့အတွက် သြင်္ကန် အနှစ်သာရကို ပြန်ခံစားရတော့မယ်လို့တော့ မြင်တယ်။

ကိုထင်ကျော်ကျော်လင်း (သဘောၤသား)

သြင်္ကန်မလည်တာ ၅နှစ်လောက်ရှိပြီ။ သဘောၤပေါ်ရောက်နေတာ။ ဒီနှစ်လည်မယ်။ ကန်တော်ကြီး ပတ်လမ်းမှာ လက်မှတ်က ဝယ်ထားပြီးပြီ။ အခုကတော့ ဖျက်တဲ့ထဲ ပါသွားတယ်။ လက်မှတ်ခ ၅သောင်းပေးရတယ်။ ပြန်အမ်းမယ်လို့လည်းပြောတယ်။ တစ်ခုခုစီစဉ်ပေးမလားတော့မသိသေးဘူး။ မနေ့ကမှ သိတော့လေ စောင့်ကြည့်နေတာပဲ။ အခုအဆင်မပြေလို့  ပြည်လမ်း၊အင်းယာလမ်းမှာဆို လက်မှတ်သွားဝယ်တာ  မရတော့ဘူး။ မနေ့ကမှ ဒီသတင်းကြားပြီးနောက်ရက်မှာ တစ်ရက်တည်းနဲ့ကို လက်မှတ်ခ နှစ်ဆလောက်တက်သွားတယ်။ အခုက အစိုးရ အကူးအပြောင်းဆိုတော့ ပေါ်လစီက ချက်ချင်းကြီးလုပ်လိုက်တော့ အဆင်မပြေဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာ တစ်ခုတည်းနဲ့ အဲ့လိုလုပ်လိုက်တာကိုတော့ ကျွန်တော်သဘောမကျဘူး။  ကြိုတင်သတိလေးတော့ ပေးသင့်တာပေါ့။

ရှိန်းဝေယံထက် စီစဉ်သူ  (EXODUS ကမ္ဘာအေးဘုရားလမ်းမဏ္ဍပ်)  

အခက်ခဲကတော့တော့ ရောက်သွားတယ်။ ဒီနှစ် အကိုတို့ ညီအကိုတွေစုပြီး လုပ်တာ။ လက်မှတ်ကရောင်းလို့ ကုန်ပြီး၊ ကမ္ဘာအေး ဘုရားလမ်းမှာ အကို့မဏ္ဍပ်က ဆောက်မှာလေ။   နိုင်ငံရေးအကူးအပြောင်းကာလမှာခံစားရတာ ပြည်သူ့တွေပဲခံစားရတာ။ အခုက ပြည်လမ်းက ခြံမှာလုပ်မယ်လို့ အကို ကြိုစီစဉ်ထားတယ်။ နာမည်တော့အပျက်မခံနိုင်ဘူးလေ။ လက်မှတ်စရောင်းတဲ့ နေ့ကစပြီး လူ ၂၀၀၀ထောင်လောက်ကို ရောင်းပြီးနေပြီ။  ALL DAYSကို  ၃၈၀၀၀နဲ့ အကိုကရောင်းတာ ကန်တော်ကြီးပတ်လမ်းထက်တောင် သက်သာအောင် လုပ်ပေးထားတာ။ ဒီနှစ်အတွက် လက်မှတ်ကို အသားတံဆိပ်နဲ့ အသေချာကို စီစဉ်ထားတာလေ။  ကျွန်တော့်ခံစားချက်အတိုင်း ပြောရရင်  အစိုးရ အကူးအပြောင်းကာလကို  CHANGE မှာ အကန့်အသတ်နဲ့တော့ လုပ်ပေးသင့်တယ်။  နှစ်ပေါင်းများစွာ အယူအဆအမှားကို ပြင်ဖို့ ကြိုးစားတာကို နားလည်းတယ်။ ဒါပေမဲ့ ဒီတစ်နှစ်ထဲနဲ့ ချက်ချင်းတော့ လုပ်လို့မရဘူးလေ။

မသိမ့်အိဆွေ (ဒုတိယနှစ်၊ အင်္ဂလိပ်စာအဓိက)

ဒီနှစ်သြင်္ကန်ကို အစိုးရက မဏ္ဍပ်ဆောက်ခွင့်မပေးဘူးဆိုတာက စီးပွားရေးလုပ် ငွေရှာတဲ့မဏ္ဍပ်တွေကိုပဲ ပိတ်တာ။ မိသားစုမဏ္ဍပ်တွေကို ပိတ်တာမှမဟုတ်တာ။ အဲဒါကောင်းပါတယ်။ ဟိုတစ်လောက သတင်းတွေထဲမှာဖတ်ရတယ်။ အများဆိုင်မဏ္ဍပ် အကြီးတွေကို နောက်အစိုးရသစ် လက်ထက်မှ ခွင့်ပြုမယ်လို့လည်းပါတယ်။ ဒါကို ဘာဖြစ်လို့ လက်မှတ်တွေ ကြိုရောင်းတာ ဝယ်တာတွေ လုပ်နေကြသလဲတော့ မသိဘူး။ ကျွန်မသူငယ်ချင်းထဲမှာလည်း လက်မှတ်ဝယ်ထားတဲ့သူတွေလည်း ရှိတယ်။ ဘယ်လိုလုပ်မလဲတော့မသိဘူးပေါ့။

ကျွန်မကတော့သဘောကျတယ်။ သြင်္ကန်မှာ အတိုအပြတ်ဝတ်ရင် ထောင်ချမယ်ဆိုတာမျိုးတော့ အဲဒါတော့မထောက်ခံဘူး။ သြင်္ကန်မဟုတ်လည်း ဝတ်တဲ့သူကတော့ဝတ်နေကြတာပဲ။ လူတစ်ယောက်ချင်းနဲ့ပဲဆိုင်တယ်လို့ မြင်တယ်။ ဒါကတော့မဖြစ်သင့်ဘူး။ အစိုးရသစ်အုပ်ချုပ်တာ ရက်ပိုင်းမှာ အပြောင်းအလဲ လုပ်လိုက်တော့ လူတွေကတော့ အမျိုးမျိုးတော့ဝေဖန်မှာပဲ။  ကျွန်မတစ်ယောက်ထဲ အမြင်ကတော့ ရိုးရာသြင်္ကန်ကို  ခုတုံးလုပ်ပြီး စီးပွားရေး မလုပ်စေချင်လို့ ဒီလိုကန့်သတ်လိုက်တယ်မြင်တာပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly