၂၀၂၃ ခုနှစ် ၆ လတာအတွင်း ချင်းလူမျိုးများ မတရားသတ်ဖြတ်ခံရမှု စံချိန်တင်ဟု ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်

By ပါခွီး (မဇ္စျိမ)
06 July 2023
၂၀၂၃ ခုနှစ် ၆ လတာအတွင်း ချင်းလူမျိုးများ မတရားသတ်ဖြတ်ခံရမှု စံချိန်တင်ဟု ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်

စစ်ကောင်စီတပ်က ချင်းလူမျိုးများကို မတရားသတ်ဖြတ်မှု ၂၀၂၃ ခုနှစ် ခြောက်လတာကာလ အတွင်း စံချိန်တင်များပြားခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) က ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီး အတင်းအဓမ္မအုပ်ချုပ်ခဲ့သည်မှာ နှစ်နှစ်ခွဲနီးပါးကြာမြင့် ပြီဖြစ်ပြီး ယင်းကာလများအနက် ၂၀၂၃ ခုနှစ် ခြောက်လတာ၌ ချင်းလူမျိုးသေဆုံးမှု ၁၀၉ ဦးရှိခဲ့ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ချင်းလူမျိုးများအပေါ် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်မှုပေါင်း ၁၆၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မတရားသတ်ဖြတ်ခံရပြီးသေဆုံးသူ ချင်းလူမျိုး စုစုပေါင်း ၁၉၅ ဦးရှိကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ချင်းလူမျိုးများအပေါ် မတရားသတ် ဖြတ် မှုပေါင်း ၁၀၉ ဦးထိရှိကြောင်း ဆိုသည်။

ယင်းအချက်အလက်များပေါ်အခြေခံ၍ ၂၁၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် ၂၃ လတာတွင် ချင်းလူမျိုးများ သတ် ဖြတ်ခံရမှု  ၃၅၉ ဦးရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ခြောက်လတာတွင် ၁၀၉ ဦးသေဆုံးခဲ့ခြင်းကြောင့် သိသာစွာမြင့် တက်သွားခြင်းဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ကြေညာချက်တွင်ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ခြောက်လတာအတွင်းသေဆုံးခဲ့သည့် ချင်းလူမျိုးများမှာ အရပ်သား ၅၀ ဦ်းနှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့ဝင် ၅၉ ဦးဖြစ်ကာ ယင်းသေဆုံးမှုတွင် အသက် ၁၈ နှစ်အောက် ၁၀ ဦးနှင့် အမျိုးသမီး ၃၅ ဦး ပါ ဝင်ကြောင်း ကြေညာချက်က ဖော်ပြသည်၊၊

“ကျနော်တို့ ဒီအချက်အလက်တွေကို မြေပြင်မှာရှိတဲ့ staff တွေ၊ အွန်းလိုင်းနဲ့ မြို့နယ်အသီးသီးကထုတ် ပြန်ထားတွေကို စုစည်းထားတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ အထူးဂရုစိုက်ပြီး ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ တိုက်တွန်းချင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က ပြည်တွင်းစစ်အနေဖြင့်မဟုတ်ဘဲ နိုင်ငံအချင်းချင်းကြားတွင်ဖြစ်နေသကဲ့သို့ တိုက် ခိုက်နေပြီး အင်းအားအလွန်အကျွံသုံးစွဲသည့်အတွက် စစ်တမ်းများအရ ပြည်သူလူထုသေဆုံးမှုမှာ ယူက ရိန်းပြည်သူများသေဆုံးမှုနှင့် ကိန်းဂဏန်းမကွာကြောင်း ဆိုသည်။

ယခုအခါ ချင်းပြည်နယ်တွင် တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲ၌ ချင်းကာကွယ်ရေး တပ်ဖွဲ့များခုခံနိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်ရန် အခက်အခဲများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို အဓိကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသဖြင့် လေကြောင်းရန်မှ ကာကွယ်ရန် ဗုံးခိုကျင်းများ အဆင်သင့်ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့မလုပ်ဆောင်ပါက ချင်း လူမျိုးသေဆုံးမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဆလိုင်းဗန်ဆွီးစံက သုံးသပ်ပြောဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required