စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် အကူအညီပေးရေးလုပ်သား ၄၀ ဦး သတ်ဖြတ်ခံခဲ့ရဟု ကုလ ပြော

စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် အကူအညီပေးရေးလုပ်သား ၄၀ ဦး သတ်ဖြတ်ခံခဲ့ရဟု ကုလ ပြော
The United Nations said the deaths were part of “deliberate and targeted” efforts to obstruct aid. PHOTO: AFP

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် မြန်မာတွင် အကူအညီပေးရေးလုပ်သား ၄၀ ဦးအထိ သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာ တာ့ခ်က ဇူလိုင်လ ၆ ရက်တွင် ပြောသည်။

မြန်မာ၌ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့်အဖွဲ့များအကြား တိုက်ခိုက်မှုများအတွင်း ပြည်တွင်းအဖွဲ့အစည်းများအတွက် အဓိကအလုပ်လုပ်သော အကူအညီပေးရေးလုပ်သားများအား “တိုက်ရိုက် တိုက်ခိုက်မှုများ” အပေါ် တာ့ခ်က ကုလ လူ့အခွင့်အရေးကောင်စီသို့ ပေးပို့သော အစီရင်ခံစာတစ်ရပ်ထဲတွင် ပြစ်တင်ဝေဖန်ထားသည်။

အကူအညီပေးရေးလုပ်သားများ သေဆုံးမှုများက အကူအညီကို ပိတ်ဆို့တားဆီးရန် “တမင်ရည်ရွယ်၊ ပစ်မှတ်ထားသော” ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသဖြစ်သလို “ပြည်သူတို့အတွက် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို တမင် ငြင်းဆန်ပိတ်ပင်ခြင်း” ဖြစ်သည်ဟု တာ့ခ်က ပြောသည်။

လူသားချင်းစာနာမှု အကူအညီကို ပိတ်ဆို့ဟန့်တားခြင်း သို့မဟုတ် ပိတ်ပင်ခြင်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများကို ကြီးလေးစွာ ချိုးဖောက်ရာ မြောက်နိုင်ကြောင်း ကုလက သတိပေးထားပြီးဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်တပ်ကြောင့် အရပ်သား ထောင်နှင့်ချီ သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရခဲ့သလို စစ်တပ်သည် အစားအစာ၊ အမိုးအကာနှင့် ဆေးကုသမှု စင်တာများအပါအဝင် အသက်ရှင်ရပ်တည်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံများနှင့် ပစ္စည်းများကို ဖျက်ဆီးနေကြောင်း တာ့ခ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ခန့်မှန်းခြေ လူ တစ်သန်းခွဲ ခန့်သည် ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးထားကြရပြီး အရပ်ဖက် အဆောက်အအုံ ၆၀,၀၀၀ ခန့်သည်လည်း မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံထားရသည်ဟု သိရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

စုစုပေါင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့် သို့မဟုတ် လူပေါင်း ၁၇ ဒသမ ၆ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများကို တစ်နည်းတစ်ဖုံဖြင့် လိုအပ်လျက် ရှိသည်။

“အကွက်ကျကျ ထိန်းချုပ်တဲ့ နည်းလမ်းတွေ၊ အကြောက်တရားသွင်းတာနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတို့အပေါ် အားကိုးတဲ့ အဆင်အခြင်မဲ့ စစ်တပ်အာဏာပိုင်တွေ ထင်သလိုပြုမူမှုအောက်မှာ အရပ်သားပြည်သူတွေ နေထိုင်နေကြရတယ်” ဟု တာ့ခ်က ကောင်စီကို ပြောသည်။

“စစ်အာဏာသိမ်းပြီးချိန်ကစလို့ မနေ့ကအထိ ဆိုရင် စစ်တပ်ရဲ့ လက်ထဲမှာ လူပေါင်း ၃,၇၄၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်ဆိုတာကို ခိုင်လုံစိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ညွှန်ပြနေတယ်။ နောက်ပြီး လူပေါင်း ၂၃,၇၄၇ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်” ဟု ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။

ထိုကိန်းဂဏန်းများသည် မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်များသာ ထည့်သွင်းပါဝင်သည် ဖြစ်သည့်အတွက် အမှန်တကယ် ကိန်းဂဏန်းများက အတော်ပင် ပိုများကောင်း များနေနိုင်သည်။
လက်နက်နှင့် အခြားပစ္စည်းများ ဝယ်ယူရာတွင် မြန်မာစစ်တပ်နှင့် ပြည်ပဈေးကွက်များအကြား အရောင်းအဝယ် ငွေလွှဲပြောင်းမှုများကို ဖြစ်မြောက်အောင် ပံ့ပိုးပေးနေသည့် စစ်အုပ်စု ထိန်းချုပ်သော ဘဏ်နှစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန်က ဇွန်လတွင် ကြေညာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly