အစိုးရသစ်လက်ထက်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားမှု ရပ်စဲရေးဦးစားပေးလုပ်ရန် KNU တိုက်တွန်း

အစိုးရသစ်လက်ထက်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားမှု ရပ်စဲရေးဦးစားပေးလုပ်ရန် KNU တိုက်တွန်း

ချင်းမိုင်၊ ဧပြီ ၂ ။         ။ အစိုးရသစ်အဖွဲ့နှင့် သမ္မတ ဦးထင်ကျော်အား ကရင်အမျိုးသားအစည်းအရုံး(KNU)က လှိုက်လဲှစွာ ကြိုဆို လိုက်ပြီး အစိုးရသစ် အနေဖြင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှု ရပ်စဲရေးကို ပထမ ဦးစားပေး ဆောင်ရွက်စေလိုကြောင်း KNU မှ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။

ယခင် အစိုးရ လက်ထက်က ဆောင်ရွက်မှုများ အပေါ် ဖြစ်သင့်သည့် အချက်များကို ပြန်လည် သုံးသပ်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်၍ အချိန်ယူရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အဓိက ပဋိပက္ခ ဖြစ်နေသော တိုက်ပွဲများ ရပ်တန့်ရေးကို ဦးစားပေး ဆောင်ရွက်စေလိုကြောင်း ၎င်းက ပြောသည်။

“ပဋိပက္ခတွေက လူ့ဘဝကို ပျက်ဆီးပြီး လူတွေရဲ့ ဒုက္ခ မျက်ရည်တွေကျ၊ ခံစားနေရတာက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းသွားဖို့အတွက် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပိုကောင်းမယ်၊ ဒါက ချက်ချင်းဒုက္ခပေးတယ်။ ဒါကြောင့် ဦးစားပေးဆောင်ရွက်သွားမယ်ဆိုရင် ပိုမိုကောင်းမယ်ထင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရသစ်၏ မူဝါဒ ၄ ရပ်သည် KNU အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားမှုများ ဖြစ်သဖြင့် ကြိုဆိုထောက်ခံကြောင်း KNU က ဧပြီ ၂ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“၁၉၆၂ ခုနှစ်ကနေစပြီးတော့ ကျနော်တို့နိုင်ငံက စစ်အာဏာချင်ကနေ နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်လာခဲ့တယ်။ အခုက ပထမဆုံးအကြိမ် ပြည်သူကနေ ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရသစ်ဖြစ်တာက တစ်ကြောင်း၊ ဒုတိယအချက်က ကျွန်တော်တို့ နိုင်ငံတော် အခြေပြ မှုဝါဒက ကေအန်ယူရဲ့ မူဝါဒ၊ သဘောထားမျော်လင့်ချက်၊ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ပြည်သူ လူထုလိုလားချက်နဲ့ တစ်ထပ်တည်း ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကြို ဆိုထောက်ခံတယ်။ ”ဟု ပဒိုကွယ်ထူးဝင်းက ဆက်လက် ပြောဆိုသည်။

အမျိုးသားရင်ကြားစေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မတ် ၃၀ ရက်က သမ္မတ ဦးထင်ကျော်က မိန့်ခွန်းတွင် ပြောထားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံအရ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု မရှိခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသဖြင့် အမျုးိသားပြန်လည် သင့်မြတ်ရေး သဘောထားဖြင့် လုပ်ဆောင်ပါက ငြိမ်းချမ်းရေးရရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက် တိုင်းရင်သားများ၏ အခွင့်အရေး ဆုံးရှုံးခြင်း၊ဖိနှိပ်ခံရခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ပါက နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာပြီး ဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီနှင့် ဖွဲ့စည်းပုံရေးဆွဲရမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

 အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရစတင်ဆောင်ရွက်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက် အကောင် အထည်ဖော်ကာ နှစ်ရှည်လများစွာ ဖြစ်ပွားခဲ့သော ပြည်တွင်း စစ်ကြီး ချုပ်ငြိမ်းစေပြီး ဒီမိုကရေစီရေး။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာမည်ကို ယုံကြည်မျော်လင့်ကြောင်း KNU က ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags