ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် အကြံပေးသည့် Meta ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားက အမည်ပျက်စာရင်းသွင်း

ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် အကြံပေးသည့် Meta ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားက အမည်ပျက်စာရင်းသွင်း
Photo-AFP

နိုင်ငံရေးပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုတစ်ခုတင်ခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် ဖေ့ဘွတ်ခ် မိခင်ကုမ္ပဏီ Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုခဲ့ပြီးနောက် အဆိုပါ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဖွဲ့ဝင် ၂၂ ဦးကို ကမ္ဘောဒီးယားက ဇူလိုင် ၄ ရက်တွင် အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယား၏ ကာလရှည်ခေါင်းဆောင် ဟွန်ဆန်က ဖေ့ဘွတ်ခ် ပလက်ဖောင်း အသုံးပြုမှုကို ရပ်ဆိုင်းပြီး ၎င်း၏ အကောင့်ကို ဖျက်သိမ်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် တင်းမာမှုကိစ္စတွင် ယခု အမည်ပျက်စာရင်းသွင်းမှု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သော အတိုက်အခံပါတီ၏ မှတ်ပုံတင်စာရင်းသွင်းမှုကို အာဏာပိုင်တို့က ငြင်းဆန်ပိတ်ပင်ပြီးနောက် အတုအယောင် ရွေးကောက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည့် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်များအလိုတွင် ယခုကဲ့သို့ ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဟွန်ဆန်က နိုင်ငံတွင် ဖေ့ဘွတ်ခ် အသုံးပြုမှုကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကို ပြန်ရုပ်သိမ်းထားခဲ့သော်လည်း ဖေ့ဘွတ်ခ် မိခင်ကုမ္ပဏီ၏ ကိုယ်စားလှယ်များကို ၎င်း၏ ကမ္ဘောဒီးယားနိုင်ငံတွင် ကြိုဆိုသွားတော့မည် မဟုတ်ဟု ကြေညာသည်။

ဇန်နဝါရီလက တင်ခဲ့သော ဗီဒီယိုကြောင့် ဟွန်ဆန်၏ ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် အကောင့်များကို ခြောက်လ ဆိုင်းငံ့ထားသင့်ကြောင်း Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အကြံပြုခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများအနေဖြင့် ဇူလိုင်ရွေးကောက်ပွဲ၌ မိမိ၏ ပါတီ မဲခိုးကြောင်း စွပ်စွဲပါက ရိုက်နှက်ခံရမည် သို့မဟုတ် ဥပဒေအရ အရေးယူမှုနှင့် ရင်ဆိုင်ရမည်ဟု ဟွန်ဆန်က ဗီဒီယိုထဲတွင် ခြိမ်းခြောက်ပြောဆိုထားသည်။

ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ယင်းဗီဒီယိုကို ဖယ်ရှားသွားမည်ဟု Meta က ပြောသည်။

ယခုကဲ့သို့ Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူများကို အမည်ပျက်စာရင်းသွင်းသည့် ဆုံးဖြတ်ချက်က “နိုင်ငံရေး သဘောသဘာဝ” ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး ဘုတ်အဖွဲ့သည် ကမ္ဘောဒီးယား၏ ပြည်တွင်းရေးကို ဝင်စွက်ဖက်သည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့က စွပ်စွဲခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required