ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
06 July 2023
ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ဆိပ်ကမ်းမှ မုံရွာသို့ဆန်တက်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၅ ရက်နေ့ ည၇ နာရီခွဲခန့်တွင် ဆား လင်းကြီးမြို့နယ်အတွင်း မြစ်ကမ်းတလျှောက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ ထံမှ သိရသည်။

“ လက်နက်ကြီးတွေဖြစ်တဲ့ ရှေ့ထွက်မိုင်းတွေကို ရေကြောင်းကျဉ်းတဲ့နေရာမှာ သေချာစီစဉ်ပြီး တိုက်ခဲ့ တာဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက် ကြာခဲ့ပါတယ်။ ညတိုက်ပွဲဖြစ်တဲ့အတွက် ရန်သူထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး” ဟု Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Fighter 9 Force (Salingyi) တောင်ပံနီပြောက်ကျား တပ်ဖွဲ့နှင့် ဒေသတွင်းမဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ကို အားသုံးစစ်ကြောင်းထိုးနေခြင်း ကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ပေါင်းဝဆိပ်ကမ်းမှထွက်ခွာလာသော စစ်ကောင်စီ အမြန်ရေ ယာဉ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required