မြန်မာအပါအဝင် နိုင်ငံ ၁၈ နိုင်ငံ၌ တရုတ်ကုမ္ပဏီများ အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟု NGO အဖွဲ့ စွပ်စွဲ

မြန်မာအပါအဝင် နိုင်ငံ ၁၈ နိုင်ငံ၌ တရုတ်ကုမ္ပဏီများ အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟု NGO အဖွဲ့ စွပ်စွဲ
Photo-AFP

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းတွင် အသုံးပြုသည့် တွင်းထွက်ပစ္စည်းများအပိုင်းတွင် ရင်းနှီးမြှုပ်နှံသော တရုတ်ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှု ကိစ္စ ၁၀၀ ကျော်ကို ကျူးလွန်ထားကြောင်း ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

တရုတ်သည် ကြေးနီ၊ နီကယ်နှင့် ကိုဗော့သတ္တု အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရာတွင် အရေးပါသော တွင်းထွက်ပစ္စည်းများကို ထုတ်လုပ်စီမံပြုပြင်၊ သန့်စင်ခြင်းကို လွှမ်းမိုးချုပ်ကိုင်ထားသလို အင်ဒိုနီးရှား၊ ပီရူးနှင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကဲ့သို့ ရင်းမြစ်ပေါကြွယ်ဝသော နိုင်ငံများရှိ ရင်းမြစ်ထုတ်လုပ်မှု အင်္ဂါရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

၂၀၂၁ ဇန်နဝါရီလနှင့် ၂၀၂၂ ဒီဇင်ဘာလအတွင်း ပြည်ပနိုင်ငံများရှိ စွမ်းအင်ကူးပြောင်း တွင်းထွက်ပစ္စည်းများကို ထုတ်လုပ်ရယူမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်ကုမ္ပဏီများ ကျူးလွန်သည် ဆိုသည့် အခွင့်အရေး ချိုးဖောက်မှု ၁၀၂ ခု ရှိသည်ဟု နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေး ရင်းမြစ် စင်တာက ထုတ်ဖော်သည်။ အခွင့်အရေး ချိုးဖောက်မှု လေးပုံတစ်ပုံကျော်သည် အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“စွမ်းအင်ကူးပြောင်း တွင်းထွက်ပစ္စည်းတွေ ရှာဖွေ၊ ထုတ်ယူ၊ စီမံထုတ်လုပ်မှုမှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေ ပျံ့နှံ့ရှိနေတယ်ဆိုတာကို မိမိတို့ ဒေတာအချက်အလက်တွေက ပြသနေပါတယ်” ဟု NGO အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ဒေသခံ အစုအဖွဲ့တွေဟာ ဒီချိုးဖောက်မှုတွေရဲ့ ဒဏ်ကို အဓိက ခံစားနေကြရတယ်”

နိုင်ငံ ၁၈ နိုင်ငံတွင် တရုတ်ကုမ္ပဏီများ ကျူးလွန်သည်ဆိုသော အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ကိစ္စ အားလုံးထဲတွင် အင်ဒိုနီးရှားတွင် ၂၇ ခု၊ ပီရူးတွင် ၁၆ ခု၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ၁၂ ခု ၊ မြန်မာတွင် ၁၁ ခုနှင့် ဇင်ဘာဘွေတွင် ခုနစ်ခုတို့ ရှိနေကြောင်းကို NGO အဖွဲ့က တွေ့ရှိခဲ့သည်။

အင်ဒိုနီးရှားတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးစေမှုနှင့် အလုပ်သမားများ၏ အခွင့်အရေး အားရစရာ မကောင်းမှုတို့အတွက် တရုတ်သည် ပြစ်တင်ဝေဖန်ခံထားရသည်။ အင်ဒိုနီးရှားတွင် နီကယ်ကို ရယူလိုသော လျှပ်စစ်ဘတ္ထရီ ထုတ်လုပ်သည့် ကုမ္ပဏီများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပိုမိုဆိုးရွားထားစေခဲ့သလို ၎င်းတို့၏ အလုပ်ရုံ၊စက်ရုံများ၌ ပုံမှန်လယ်ဗယ်အောက် ကျဆင်းနေသည့် အလုပ်လုပ်ကိုင်မှု အခြေအနေများနှင့်ပတ်သက်ပြီး တင်းမာမှုများကို လှုံ့ဆော်ထားခဲ့သည်။

ပြည်ပတွင် ကျောက်မီးသွေးသုံး စက်ရုံများ ထပ်မံ တည်ဆောက်တော့မည် မဟုတ်ဟု တရုတ်အစိုးရက ကတိပြုထားသော်လည်း တရုတ်၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဦးတည်သော ကတိကဝတ်များအပေါ်တွင် ၎င်းတို့၏ ပြည်ပရှိ စီးပွားရေးလည်ပတ်လုပ်ကိုင်မှုများနှင့် ဆက်နွယ်သည့် ကြီးလေးသော လူ့အခွင့်အရေး ထိခိုက်စေမှုအန္တရာယ်များက အရိပ်ထိုးလွှမ်းမိုးနေသည်ဟု NGO အဖွဲ့က ပြောသည်။

စွပ်စွဲချက် စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်တွင် ဒေသခံ အစုအဖွဲ့များအပေါ် အခွင့်အရေး ချိုးဖောက်မှုများ ပါဝင်နေသလို စွပ်စွဲမှု ထက်ဝက်ကျော်တွင် ရေ ညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန်များအပေါ် ထိခိုက်စေမှုနှင့် ရေရရှိမှုအပေါ် ဟန့်တားခြင်း အပါအဝင် ထိခိုက်မှုဖြစ်စေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

သုံးပုံတစ်ပုံကျော်သည် အလုပ်သမားများ၏ အခွင့်အရေးများကို ထိခိုက်စေသည် ဆိုသည့် စွပ်စွဲချက်များဖြစ်သည်။

စွပ်စွဲချက်များသည် တရုတ်ကုမ္ပဏီ ၃၉ ခုနှင့် သက်ဆိုင်နေပြီး ယင်းတို့အနက် ကုမ္ပဏီ ခုနစ်ခုကသာလျှင် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ထားကြောင်း အစီရင်ခံစာအရ သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် တောင်းဆိုချက် ကြီးထွားလာစဉ် ယခု တွင်းထွက်ပစ္စည်းများကို ကမ္ဘာတစ်ဝန်း အသုံးပြုမှုက ၂၀၄၀ ပြည့်နှစ်အရောက်တွင် ခြောက်ဆ မြင့်တက်လိမ့်မည်ဟု ခန့်မှန်းရသည်။

ယင်းအတွက်ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အကူးအပြောင်းတွင် ဖြစ်စေသည့် ထိခိုက်မှုတို့ကို နည်းနိုင်သမျှ နည်းစေရန် “အရေးတကြီး အရေးတယူ ဆောင်ရွက်မှု” လုပ်ဆောင်ရေးအတွက် တရုတ်ကုမ္ပဏီများကို လက်ခံထားသည့် နိုင်ငံများမှ အစိုးရများနှင့် တရုတ်အာဏာပိုင်တို့ကို NGO အဖွဲ့က တောင်းဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required