လေကြောင်းကာကွယ်ရေး လက်နက်စနစ် မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ်ဆောင်ရွက်

လေကြောင်းကာကွယ်ရေး လက်နက်စနစ် မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ်ဆောင်ရွက်

ဆိုးလ်၊ ဧပြီ ၂ ။       ။ ကိုရီးယားကျွန်းဆွယ်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများဖြင့် တင်းမာမှုများ မြင့်တက်နေစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လေကြောင်းကာကွယ်ရေး လက်နက်စနစ် စမ်းသပ်မှုကို ကြီးကြပ်ဆောင်ရွက်ကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

တောင်ကိုရီးယားနယ်စပ်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် လများအတွင်း ဖျက်အားပြင်းဒုံးကျည် ပစ်လွှတ်မှုများ၊ ဒုံးကျည်စနစ်စမ်းသပ်မှုများနှင့် တာဝေးဒုံးကျည် ပစ်လွှတ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်ဆောင်ရွက်လာခြင်းဖြစ်သည်။

ယခုလက်နက်စနစ်စမ်းသပ်မှုက ဝါရှင်တန်တွင် သမ္မတအိုဘားမား ကြီးမှူးကျင်းပသည့် နျူကလီးယားထိပ်သီးအစည်းအဝေးအပြီး တန်ပြန်လုပ်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။ ထိုအစည်းအဝေးသည် အမေရိကန်သမ္မတက တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ ခေါင်းဆောင်များဖြင့် မြောက်ကိုရီးယားအပေါ် ပစ်မှတ်ထားဆွေးနွေးခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းကာကွယ်ရေးလက်နက်စနစ်၏ စွမ်းဆောင်နိုင်မှုကို စမ်းသပ်ရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

“ခေါင်းဆောင်ကင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရန်သူလေကြောင်းရန်ကို တိတိကျကျ ပစ်ခတ်နိုင်ရန် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း” အဆိုပါ သတင်းတွင် ဖော်ပြသည်။

အဆိုပါ ဒုံးခွင်းဒုံးစနစ်ကို မြောက်ကိုရီးယားနိုင်ငံက ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly