KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို

By YT (မဇ္ဈိမ)
05 July 2023
KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများတွင် အမျိုးသမီးစစ်ဘေးရှောင်များ ထပ်မံတိုးလာနေပြီး အခက်အခဲများစွာကြုံတွေ့နေရကာ အကူအညီလိုအပ်နေကြောင်း ကရင်အမျိုးသမီး အစည်းအရုံး (KWO) ထံမှသိရသည်။

KNU အုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာခုနစ်ခုအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော်ရှိပြီး  ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း KWO တွဲဖက်အတွင်းရေးမှူး (၂) နော်အဲ့တမွီဖောကပြောသည်။

ယခုကာလသည် မိုးတွင်းဖြစ်သည့်အတွက် အမျိုးသမီးများအနေဖြင့် လစဉ်ဓမ္မတာဖြစ်စဉ်မှစ၍ နေ့စဉ် ကြုံတွေ့နေရသော အခက်အခဲများ ပိုမိုတိုးပွားလာပြီး ခြင်ကိုက်၊ ဖြုတ်ကိုက်မှုများကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားမှု၊ နေထိုင်မကောင်းဖြစ်မှုများရှိနေကြောင်း သိရသည်။

“အခုချိန်ကတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ဘေးရှောင်အမျိုးသမီးတွေ ကြုံတွေ့ရတဲ့အခက်အခဲ က အများကြီးရှိလာတယ်။ အမျိုးသမီးတွေဟာ တောတောင်တွေထဲမှာ အသီးအရွက်ရှာတာတွေအတွက် သွားဖို့လာဖို့ အခက်အခဲတွေရှိတယ်။ တောထဲတောင်ထဲမှာ ခြင်တွေ၊ ဖြုတ်တွေ ကိုက်တာတွေရှိတယ်၊ စစ်‌ဘေးရှောင်တဲ့နေရာတွေမှာ ဆေးခန်း၊ ဆေးရုံတွေမရှိတဲ့အတွက် ပိုခက်ခဲရတယ်” ဟု KWO တွဲဖက် အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက ဆိုသည်။

အမျိုးသမီးစစ်ဘေးရှောင်များသည် ၎င်းတို့မိသားစုတွင်ရှိသော ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေးတို့ကိုပါ ပူပန်နေရကြောင်း ၎င်းကပြောသည်။

“ကလေးတွေနေမကောင်းရင် သူတိုပိုပြီး အခက်တွေ့ရတယ်၊ နောက်တခုက ကလေးတွေကျောင်းနေဖို့ အတွက်ရောပေါ့” ဟု နော်အဲ့တမွီဖောကဆိုသည်။

ထို့ကြောင့် တပ်မဟာအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ၏ တင်ပြချက်အပေါ်မူတည်၍ စစ်ရှောင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအတွက် KWO မှ ရန်ပုံငွေရှာဖွေရေးအဖွဲ့များဖြင့် ချိတ်ဆက်ကူညီနေကြောင်း ပြောသည်။

“ကျွန်မတို့ KWO ကတော့ စစ်ဘေးရှောင်တွေအတွက် Fundraiser Group တွေ အဓိကထားပြီး ကလေး တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် သူတို့လိုအပ်တာတွေ ကူညီပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ မွေးကင်းစကလေးတွေအတွက်ဆို နို့မှုန့်တွေ အဲ့ဒီလိုတွေကို ကျွန်မတို့ KWO အနေနဲ့ တက်နိုင်သလောက် ကူညီနေပါတယ်" ဟု ဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)သည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာနယ်မြေ ခုနစ်ခု နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုများအပေါ် အကာအကွယ်ပေးရေးလုပ်ဆောင်နေသော အမျိုးသမီးအဖွဲ့အစည်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#တပ်မဟာ
#အမျိုးသမီး
#စစ်ရှောင်
#ကလေးငယ်
#KWO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly