နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် ပဲခူးတိုင်းရဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း  အထူးစစ်ဆင် ရေးအဖွဲ့ SOF ကထုတ်ပြန်သည်။ 

  • ဗြိတိန်နိုင်ငံ အထက် လွှတ်တော် အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့ ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်ကောင်စီဂိတ်နှင့် ကင်းလှည့်ယာဉ်တို့ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ရေဖြူ - ကလိန်အောင် လမ်းပိုင်းတစ်နေရာတွင် ခရီးသည်တင်ကားနှင့် လိုက်ပါလာသည့် ရဲတပ်ကြပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းမိထားစဉ် သေနတ်လု၍ထွက်ပြေး ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးသွားသည်ဟု သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စခန်းနှင့် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဝင် အဖွဲ့တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei information center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ကင်းလှည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦး သေ ဆုံး ပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သားနှစ်ဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း PDF တပ်ရင်း (၃၆၀၁) ၏ သတင်းထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

  • မန္တလေးမြို့တွင်း မစ်ရှင်များ အဆင့်မြှင့် တိုက်ခိုက်နိုင်ရန် “ဆုမဲဝယ်ယူ ခဲယမ်းကူ"ကမ်းပိန်းကို ပူးပေါင်း ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း No More DICTATORSHIP People Defence Force – NMD အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ မင်းယားအုပ်စု ကော်ကမ်းကျေးရွာအနီး တိုက်ပွဲတွင် အကြမ်းဖက်စစ် တပ်မှ အရာရှိ ကြီးတစ်ဦးအပါအဝင် သေဆုံး ဒဏ်ရာရရှိသူ ၃၀ ဦးခန့်ရှိပြီး နောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း Homalin People’s Defense Force – HPDF 124 မှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းကို မောင်းသူ မဲ့လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုက ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနှင့် စစ်ဆေးရေးနေရာ ၁ ခု ကို ဗုံး ၁၂ လုံးဖြင့် ယမန်နေ့ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က တရားဝင်ကြေညာသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • (၇၄) နှစ်မြောက် (၇၄)နှစ်မြောက် ကရင်အမျိုးသား(ကော်သူးလေ)တပ်မတော်နေ့ကို ကရင်အမျိုးသား အစည်း အရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ 

  • ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးများကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှ စ၍ ဖမ်းဝရမ်းထုတ်ကြောင်း CDF – Tonzang က ကြေညာချက်ထုတ်ပြန် လိုက်သည်။ 

  • ကယားပြည်နယ် နှင့် ရှမ်း ပြည်နယ် အစပ်တို့တွင် ဇွန်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။ 

  • ဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်အပြီးတွင် နိုင်ငံ တကာနှင့် NGO, INGO တို့၏ လူသားချင်း စာနာ ထောက်မှုဆိုင်ရာ အကူအညီ ပေးမှုများကို စစ်ကောင်စီက ပိတ်ပင်ထားမှု ပြန်လည် ကူညီ ခွင့်ပြုရန် ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။ 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများနှင့် ထိုင်း -ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်း တချို့တွင် မိုးရာသီကာလအတွင်း ရာသီသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံများအား ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က သီးနှံမျိုးစေ့များ ထောက်ပံ့ပေးနေကြောင်း သိရသည်။ 

  • (၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ လွတ်မြောက်နယ်မြေ၌ ကျင်းပခဲ့သည်။ 

စစ်ကောင်စီ 

  • ယနေ့ ဇူလိုင် ၅ရက်နေ့ နံနက် ၈နာရီခွဲခန့်က စစ်တွေမှနေ၍ ပုဏ္ဏားကျွန်းဒေသဘက်သို့ မုန်တိုင်းသင့် ပြည်သူ များကို ကူညီကယ်ဆယ်ရေး သွားပေးသည့်အဖွဲ့အား စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ခု ဖြစ်သည့် ကျောက်တန်းဂိတ်မှ ဖြတ်သန်းခွင့် မပြုခဲ့ကြောင်း western News သတင်းတွင် ဖော်ပြထားသည်။ 

  • ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို အကြမ်းဖက်စစ်ကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဇူလိုင်(၅)ရက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။ 

  • အကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြိုနယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြိုရှိ အခြေခံပညာ ကျောင်း များနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများသို သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။ 

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး သက်သက်ခိုင်အား ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ဦးဆောင်သောအဖွဲသည် ယမန်နေ့က အဆိုပါဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 

 

ဇူလိုင် ၅ ရက် သုံးသပ်ချက် 

  • မုန်တိုင်းသင့်ဒေသများတွင် ခက်ခဲနေသည့် ပြည်သူများထံသို့ အရေးပေါ်အကူအညီများ မပေးပို့နိုင်ရန် စစ်ကောင်စီမှ တားဆီးနေသည်။ယင်းကြောင့် UN အဖွဲ့အစည်းများမှ ပြည်သူများကို ကူညီနိုင်ရန် စစ်ကောင်စီ အား တိုက်တွန်းနေရသည်။ စစ်ကောင်စီသည် ကယ်ဆယ်ရေးများ ဟန်ပြသာလုပ်နေပြီး ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကို ပေးအပ်မည် အကူအညီများကို တားဆီးပြီး လူအခွင့်အရေးကို ဗြောင်ချိုး ဖောက်နေသည်။ 

  • အညာဒေသ၊မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး တနင်္သာရီတိုင်းတွင် ယခင်ရက်များထက် ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly