၀မ်းတွင်း၌ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ ပစ်ခတ်ခံရ၍ သေဆုံး

By 007 (မဇ္စျိမ)
05 July 2023
၀မ်းတွင်း၌ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ကြံ့ခိုင်ရေး ပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး သွားကြောင်း သတင်းရရှိသည်။

“သုံးဒေါင့်အိုင်ရွာက အုပ်ကြီးထီလာနဲ့ တာ၀န်ခံမဲလေးတို့ကို PDF ကပစ်သွားတာပါ၊ ဘေးရွာမှာ နွားသွား ၀ယ်ပြီးပြန်အလာကို စောင့်ပစ်သွားတာ၊ သေနတ်နဲ့ ၁၀ ချက်မကဘူးပစ်သွားတာ၊ နှစ်ယောက်စလုံးပွဲချင်း ပြီးသေတယ်၊ ဒီလူနှစ်ယောက်စလုံးက ကြံ့ဖွံ့တွေ။ မနှစ်က မိတ္ထီလာတပ်မမှူးကိုယ်တိုင်ခန့်ထားတာ ရပ်ရွာအပေါ်တအားအနိုင်ကျင့်တဲ့လူတွေ” ဟု ဒေသခံတဦးကပြောသည်။

ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်က ၎င်းတို့နှစ်ဦး ၀မ်းတွင်းမြို့နယ် ကန်ပတ်လည်ကျေးရွာမှ နွား၀ယ် ပြီးပြန်အလာ ရုံးပင်ကုန်းနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

ပစ်ခတ်မှုကြောင့်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထီလာတွင် သေနတ်ဒဏ်ရာကိုးချက်၊ ကျေးရွာ ခွဲတာ၀န်ခံ ဦးနေမင်းထွန်း(ခ)ကိုမဲလေးတွင် သေနတ်ဒဏ်ရာသုံးချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတဦးကပြောသည်။

၎င်းတို့နှစ်ဦးအား ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူကိုမျက်နှာမမူဘဲ မိတ္ထီလာတပ်မမှူးခိုင်းသမျှလိုက်လုပ်ပြီး ပြည်သူကိုခြိမ်းခြောက် ငွေညှစ်နေတာ ကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်၊ အရှင်းခံရမယ့်သူတွေရှိသေးတယ်” ဟု ၎င်းအဖွဲ့တာ၀န်ရှိသူတဦးက ပြောသည်။

မန္တလေးတိုင်းတွင် ဇူလိုင်လ ၄ ရက်နေ့က မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာမှ ကြံ့ခိုင်ရေး ပါတီ ရပ်/ကျေးဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဌေးဆိုသူလည်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေ ဆုံးခဲ့ သည်။

အလားတူ မြင်းခြံမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ထွန်းအောင်နှင့် သားဖြစ်သူတို့လည်း ဇူလိုင်လ ၃ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြ သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#မန္တလေးတိုင်း
#ကြံ့ခိုင်ရေးပါတီဝင်
#ကျေးရွာအုပ်ချုပ်ရေးမှူး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly