ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်နေ

By ဂျူချန်း (မဇ္ဈိမ)
05 July 2023
ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်နေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေပြီး ကျောင်းအချို့မှာ ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ ပိတ်ထားပြီးဖြစ်ကြောင်း ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာနှင့် ညောင်ထောက်ကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်းများနှင့် ကဇိုင်းကျေးရွာနှင့် ရင်းအုံကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်လျက်ရှိ ပြီး လက်ရှိတွင် ကဇိုင်းအထက်တန်းကျောင်း၊ ညောက်ထောက်အထက်တန်းကျောင်းခွဲ အပါအဝင် ကျောင်း ၁၀ ကျောင်းသည် လွန်ခဲ့သည့် နှစ်ရက်က စတင်ပိတ်ထားပြီဖြစ်ရာ ပိတ်ရမည့် စာသင်ကျောင်း စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

“လောလောဆယ် မိဘတွေ၊ ဆရာဆရာမတွေခေါ်တွေ့တာ ကျောင်း ၂၀ ကျော်ပေါ့။ ပိတ်ရမယ့်ကျောင်း စာရင်းကတော့ ကောက်နေဆဲပါ။ အရင်တုန်းက ပိတ်တာက ခရိုင်ချင်းဆက်လမ်းက ကျောင်းတွေပေါ့။ ရန်ကုန်-မော်လမြိုင်လမ်းမကြီးရဲ့ အတွင်းဘက်ကကျောင်းတွေ။ အခု ထပ်ပိတ်မှာကတော့ ဆင်ခြေဖုံး ပေါ့။ ကဇိုင်း၊ ညောင်ထောက် လမ်းတလျှောက်ကျောင်းတွေ။ မြို့ပေါ်ကျောင်းတွေကတော့ အကုန်ဖွင့် ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူကပြောသည်။

KNU/KNLA က ကျေးရွာများတွင်ရှိသည့် အစိုးရဝန်ထမ်းများကိုသတိပေးသည့် ထုတ်ပြန်ချက်တစောင် ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်တိုင်များ မြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေး ထားခြင်းဖြစ်ကြောင်း ဘီးလင်းမြို့နယ်ရှိ ကျောင်းဆရာတဦးက မဇ္ဈိမ ကိုပြောသည်။

“KNU က စာထုတ်တာ။ ကျောင်းပိတ်ဖို့တော့ မဟုတ်ဘူး။ သူ့ထုတ်ပြန်စာမှာ စစ်တပ်နဲ့ နီးစပ်သူတွေကို အမြန်ဆုံးထွက်ခွာဖို့ ပြောတာ။ တူတော့ အတူတူပဲပေါ့။ အခု ထပ်ပိတ်တာ ၂၂ ကျောင်းလို့ သိရတယ်။ မြို့ထဲမှာရှိတဲ့ကျောင်းတွေကိုတော့ ခြိမ်းခြောက်တာ မရှိပါဘူး” ဟု အဆိုပါကျောင်းဆရာက ပြောသည်။

မဇ္ဈိမအနေဖြင့် ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ KNU မှထုတ်ပြန်ထားခြင်း ဟုတ်၊ မဟုတ် သီးခြား အတည်မပြုနိုင်သေးပေ။

KNLA တပ်မဟာ(၁) သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း လက်ရှိ ကျောင်းပိတ်ရသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိထားကြောင်း ဆိုသည်။ 

KNU တပ်မဟာ(၁) ဒူးသထူးခရိုင်၏ လူမှုကွန်ရက်တွင်လည်း ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်းမရှိပေ။ 

ဘီးလင်းမြို့နယ်တွင် ကျောင်းပေါင်း ၂၀၂ ကျောင်းအနက် ၁၄၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်ပြီး ၅၃ ကျောင်းပိတ်ထားရကာ လက်ရှိတွင် နောက်ထပ် ကျောင်းပေါင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေခြင်းဖြစ် သည်။

လက်ရှိပိတ်ထားရသည့်ကျောင်းများတွင် အထက်တန်းကျောင်းတကျောင်းလျှင် ကျောင်းသားဦးရေ ၃၀၀ မှ ၄၀၀ ကျော်ရှိပြီး မူလတန်းကျောင်းများတွင် ကျောင်သားဦးရေ ၆၀ ဦးမှ ၇၀ ဦး စာသင်ကြားနေကြောင်း သိရသည်။
 

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#KNUတပ်မဟာ(၁)
#သထုံခရိုင်
#ဘီးလင်းမြို့နယ်
#ကျောင်းပိတ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly