အစ္စရေးနှင့် အနောက်ဘက်ကမ်းက ပဋိပက္ခများကို စိုးရိမ်ပူပန်ကြောင်း စင်ကာပူ ပြော

အစ္စရေးနှင့် အနောက်ဘက်ကမ်းက ပဋိပက္ခများကို စိုးရိမ်ပူပန်ကြောင်း စင်ကာပူ ပြော
Photo-AFP

အစ္စရေးနှင့် အနောက်ဘက်ကမ်း၌ မကြာသေးခင် ပဋိပက္ခများ အရှိန်မြင့် ဖြစ်ပွားခြင်းကို စင်ကာပူနိုင်ငံအနေဖြင့် “အလွန် စိုးရိမ်ပူပန်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ပြောသည်။

“အရပ်သားတွေ သေဆုံးရတာအတွက် မိမိတို့ စိတ်မကောင်း ဖြစ်ရတယ်၊ တင်းမာမှုတွေ အရှိန်လျှော့ချဖို့နဲ့ နောက်ထပ် အရပ်သား သေဆုံးထိခိုက်မှုတွေကို တားဆီးနိုင်ရေး လုပ်ဆောင်ဖို့ အားလုံးကို တိုက်တွန်းတယ်”ဟု ထို ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“တရားမျှတမှု မရှိတဲ့ အကြမ်းဖက် လုပ်ရပ်အားလုံးကိုလည်း မိမိတို့ ရှုတ်ချတယ်၊ အစ္စရေးရော၊ ပါလက်စတိုင်းပါ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး ထိုက်တန်တယ်”ဟု ယင်းက ဆက်လက်ဆိုသည်။

ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် စင်ကာပူနိုင်ငံသားများ ထိခိုက်မှု ရှိသည်ဆိုသော သတင်း လက်ရှိအထိ မရှိသေးကြောင်းလည်း ထပ်လောင်းဖော်ပြသည်။

အစ္စရေးတပ်ဖွဲ့များသည် နှစ်များစွာအတွင်း ကျူးကျော်ထားသည့် အနောက်ဘက်ကမ်း၌ အကြီးမားဆုံး စစ်ဆင်ရေးတစ်ရပ်ကို တနင်္လာနေ့က ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။ စစ်တပ်၏ “တန်ပြန်အကြမ်းဖက်မှု ချေမှုန်းရေး ကြိုးစားအားထုတ်မှု” အဖြစ် အဆိုပါ စစ်ဆင်မှုကို အမည်ပေးကာ ဆင်နွှဲခြင်းပဲ ဖြစ်သည်။

ယင်း စစ်ဆင်ရေး၌ မြောက်ပိုင်း ဂျင်နင်းမြို့ကို ပစ်မှတ်ထားပြီး သံချပ်ကာယာဉ်များ၊ စစ်သုံးဘူဒိုဇာများနှင့် ဒရုန်းများဖြင့် စစ်ဆင်ခြင်း ဖြစ်သည်။

ဂျင်နင်းဒုက္ခသည်စခန်းက စစ်သွေးကြွ အခြေခံအဆောက်အအုံနှင့် လက်နက်များကို ဖျက်ဆီးပစ်ရန် ရည်ရွယ်သည်ဟု စစ်တပ်က ဆိုသည်။ တပ်အင်အား ၁,၀၀၀ ကျော်ထက်မနည်းကို တပ်ဖြန့်ချထားခဲ့ခြင်းလည်း ဖြစ်သည်။

အင်္ဂါနေ့ သတင်းများအရ အစ္စရေးတပ်များသည် ဂျင်နင်းမှ စတင်ရုပ်သိမ်းနေပြီဟု သိရပြီး စစ်ဆင်ရေး ပြီးစီးသည့် လက္ခဏာအဖြစ် အစ္စရေးစစ်ယာဉ်တန်းများ မြို့မှ ထွက်ခွာကြသည်ကို မြင်တွေ့ရကြောင်း မျက်မြင်များကလည်း ပြောကြသည်။

အစ္စရေးရှိ စင်ကာပူနိုင်ငံသားများအနေဖြင့် တပ်လှန့်အနေအထားရှိပြီး သတင်းများကို အနီးကပ် စောင့်ကြည့်ရန် စင်ကာပူနိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required