မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

By ဘန်ကောက်ပို့စ်
05 July 2023
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ် ဆဒေါင်ခရိုင်ရှိ လူသူစွန့်ပစ်ထားသော အိမ်တစ်လုံး၌ မလေးရှားသို့ သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးကို ထိုင်းအာဏာပိုင်တို့က တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို အိမ်ကို မလေးရှားသို့ သွားမည့် တရားမဝင် ရွှေ့ပြောင်းများ ယာယီခိုလှုံရန် အသုံးပြုလျက် ရှိသည်ဆိုသော သတင်းကို ရရှိပြီးနောက် ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ရဲများက ဇူလိုင် ၄ ရက်တွင် ပါဒန် ဘီစာ ခရိုင်ခွဲ ဘန်ချိုင်ခွန်အမ်း လမ်းပေါ်ရှိ အဆိုပါ အိမ်ကို သွားရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ထို အိမ်ထဲတွင် အသက် ၁၉ နှစ်မှ ၂၆ နှစ်အကြားရှိ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး လေးဦး တို့ကို ထိုင်းတာဝန်ရှိသူတို့က တွေ့ရှိဖမ်းဆီးခဲ့သည်။ အားလုံးသည် မြန်မာနိုင်ငံမှ လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မလေးရှားတွင် အလုပ်ရှာရန် မြန်မာနိုင်ငံ မြို့အသီးသီးမှ ထွက်ခွာလာကြသူများဖြစ်သည်ဟု စကားပြန်မှတစ်ဆင့် ထိုင်းရဲများကို ပြောသည်။ ၎င်းတို့သည် ပရာကျွပ် ခီရီ ခန် ရှိ နယ်စပ်တောလမ်းတစ်ခုမှတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ခဲ့ကြခြင်း ဖြစ်သည်။ အလုပ်ပွဲစားများက ၎င်းတို့ကို မလေးရှားနယ်စပ်ရှိ ဆာဒေါင်ခရိုင် ပါဒန် ဘီစာခရိုင်ခွဲသို့ ပို့ဆောင်ရန် ပစ်ကပ်ထရပ်ကားတစ်စီး ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

ယင်းနောက် ၎င်းတို့သည် မလေးရှားသို့ ပို့ဆောင်ပေးမည့်သူများကို စောင့်ဆိုင်းရင်း လူသူစွန့်ပစ်ထားသော အိမ်တစ်လုံး၌ ပုန်းနေခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မလေးရှားရှိ ဆောက်လုပ်ရေးဆိုဒ်များ၊ ငါးဖမ်းသင်္ဘောများ သို့မဟုတ် စိုက်ပျိုးခြံများတွင် အလုပ်လုပ်ရန် အလုပ်ရှာပွဲစားများကို တစ်ဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ စီ ပေးခဲ့ရသည်ဟု ပြောကြသည်။

ယခုအခါ ထိုင်းရဲများက အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် ၎င်းတို့အား ထိုင်းနိုင်ငံထဲ မှောင်ခိုခေါ်သွင်းလာသူများကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်လျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required