ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
05 July 2023
ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက သိရသည်။

ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“ မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး 1kg ဗုံးသီး သုံးလုံးချ ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်နေတဲ့ အိမ်နှင့် ပျူစောထီးခေါင်းဆောင်နေတဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ အတွင်းသတင်းပေးအရ ပျူစောထီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်”  ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီး) အဖွဲ့က ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ (KLG PDF)  မှ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာကို မောင်းသူမဲ့ဒရုန်းလေယာဉ်များအသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် KLG PDF အနေဖြင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

စာတည်း ။။  Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly