ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရာနှင့်ချီသော Non CDM ပညာရေးဝန်ထမ်းများကို အမည်ပျက်စာရင်း ကြေညာ

By ကိုခင်မောင် (မဇ္ဈိမ)
04 July 2023
ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရာနှင့်ချီသော Non CDM ပညာရေးဝန်ထမ်းများကို အမည်ပျက်စာရင်း ကြေညာ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ Non CDM ဝန်ထမ်း စုစုပေါင်း ၃၂၂ ဦးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် အမည်ပျက် စာရင်း ကြေညာလိုက်သည်။

၎င်းတို့သည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်း များအဖြစ် ကြေညာလိုက်ခြင်းကြောင်း ဆိုသည်။

အမည်ပျက်စာရင်း ကြေညာခံရသူများကို CDF ဂိတ်ဖြတ်သန်းခွင့်အတွက် စိစစ်လုပ်ဆောင်သွားမည်ဟု ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ “အမည်ပျက်ကြေညာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် စိစစ်လုပ်ဆောင်သွားပါမယ်။

မြေပြင်မှာ CDM ဝင်တယ်ပြောပြီး လစာခိုးထုတ်နေမှုတွေရှိနေ တာကြောင့်ဖြစ်ပါတယ်။ စာရင်းမှာမပါဝင်တဲ့ CDM ပညာရေးဝန်ထမ်းတွေအားလုံးဟာ ကိုယ်ပိုင်ခံယူချက်ဖြင့် ခံဝန်ကတိရေးထိုးထားသူတွေ ဖြစ်ပါတယ်” ဟု ကန်ပက်လက်မြို့နယ် ပ.အ.ဖအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ယခုအမည်ပျက်စာရင်းထုတ်ပြန်လိုက်သော Non CDMers များသည် စစ်ကောင်စီ၏ ယန္တရားကို လည် ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း နှောင့်ယှက်မှုများ ပြုလုပ်နေကြခြင်းကြောင့်ဟု ဆိုသည်။ “အခုထုတ်ပြန်လိုက်တဲ့ NCDM အများစုက အိမ်မှာနေပြီး လစာထုတ်စားနေတဲ့သူတွေပါ။

တချို့က ဝိုင်း ကျူရှင်တွေဖွင့်ပြီး စာသင်နေတာတွေရှိပါတယ်၊ မလုပ်ဖို့တားတယ်၊ ဒီလူတွေအားလုံးသိဖို့နဲ့ CDM မဝင်သူ တွေရဲ့ စာရင်း တိကျစေချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု တာဝန်ရှိသူက ဆိုသည်။ Non-CDM စာရင်းတွင် ပါဝင်သွားသော CDM ဝန်ထမ်းများရှိပါကလည်း ခိုင်လုံသော အထောက်အထား ဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ အခြေခံ ပညာအထက်တန်းကျောင်း တစ်ခုတည်းသာ ဖွင့်လှစ်နိုင်ခဲ့သည်။ ကန်ပက်လက်မြို့နယ်ရှိ အခြားသော စာသင်ကျောင်းအားလုံးနီးပါးတွင် တော်လှန်ရေးအင်အားစု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့များမှပူပေါင်းကာ စာသင်ကြားပေးလျက်ရှိပြီး စာရေး ကိရိယာများ လိုအပ်လျက်ရှိကြောင်း တာဝန်ရှိသူကပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသော ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာ အသီးသီးမှ Non-CDM များကိုလည်း အမည်ပျက်စာရင်းတွင် ထည့်သွင်းကာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

 

#ကန်ပက်လက်

#CDF

#CDM

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly