ကျိုက်ထိုတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ 

By YT  ( မဇ္ဈိမ)
04 July 2023
ကျိုက်ထိုတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စက္ကူစက်အနီးရှိ စစ်ကောင်စီဂိတ်စခန်းအား Soul Takers- Yangon Underground Force အဖွဲ့က ကားအသုံးပြု၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

" ကင်းပုန်းတွေ ထပ်တိုးထားတယ်၊ ပုံမှန်ထက် အများကြီး ပိုများနေတယ်၊ ပျူစောထီး မြင့်ဇော်ဆိုတဲ့ တစ်ယောက်ကျတာသေချာပါတယ်။ ယူနီဖောင်းနဲ့တစ်ယောက်လည်း ကျတာ တွေ့ပေမယ့် နာမည်၊ ရာထူး အတည်မပြုနိုင်သေးပါ။ တိုက်ပွဲအသေးစားလိုမျိုး နှစ်ဖက်ပစ်ခတ်ပြီး ပြန်ဆုတ်ခဲ့ရတာမို့ အထိခိုက်အပျက်စီးအတည်မပြုနိုင်သေးတာခင်ဗျ" ဟု Soul Takers- Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ စစ်ဆင်ရေးအတွင်း Soul Takers- Yangon Underground Force အဖွဲ့ အသုံးပြုလာသော ကားသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် မောင်းနှင်မရတော့သောကြောင့် နေရာ၌ပင်ထားခဲ့ရကြောင်း ဆိုသည်။ 

ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်တွင်လည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံအနီး လုံခြုံရေးယူနေသည့် သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) မှ တပ်သား ၂၅ ဦးလိုက်ပါလာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

" သူတို့က စစ်ကောင်စီ ယာဉ်တန်းလာမယ့်လမ်းမှာ လုံခြုံရေးယူလာစောင့်တဲ့သဘောပေါ့။ အဲ့ဒီအဖွဲ့ကို ဒီဘက်ကနေ သွားတိုက်တာ။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိဘူး၊ သူတို့ဘက်က သုံးယောက်ကျတယ်လို့ အရင်ဆုံးသိထားရတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ် အတုံးအရုံးပဲ" ဟု အဆိုပါသတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ သုံးဦးသေဆုံးခဲ့ပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိကြကြောင်း သိရသည်။ 

ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly